ရခိုင်ပြည်နယ်အရေးသည် မြန်မာပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်ယူဆ

ရခိုင်ပြည်နယ်အရေးသည် မြန်မာပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်ယူဆ

 

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ။                    ။ ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Hong Liang ကပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး နှင့်စက်တင်ဘာလ ၁၃ ရက်တွင် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းသည်။

တရုတ်သံအမတ်၏ ပြောဆိုချက်ထဲတွင် မြန်မာနိုင်ငံအခက်အခဲဖြစ်နေချိန်တွင် တရုတ်နိုင်ငံမှ ကူညီရန် ဆန္ဒရှိနေပြီး ရခိုင်ပြည်နယ် အရေးကိစ္စအတွက် ကူညီရေးကို တရုတ်နိုင်ငံမှ လူမှုရေးတာဝန်အဖြစ် ယူဆကြောင်း ပါရှိသည်။

ယင်းအပြင် အစိုးရ၏ အကြမ်းဖက်သမားများတိုက်ဖျက်ရေးနှင့် ပြည်သူများကို ကူညီနိုင်ရေး ဆောင်ရွက်နေမှုအပေါ် ထောက်ခံနေပြီး မိမိနှင့်အတူပါရှိလာသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီးပွားရေးစီမံကိန်းမှ တာဝန်ရှိသူများက ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအတွက် ကူညီရန် ဆန္ဒရှိနေသည်ဟု တရုတ်သံအမတ်က ပြောဆိုခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးတွင် ဦးစားပေး ဆောင်ရွက်ရမည့်အချက်များမှာ လုံခြုံရေး နှင့် အိမ်ရာများ ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်ဖန်တီးပေးရေးဖြစ်ပြီး တရုတ်နှင့် မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက အလုပ်အကိုင်အခွင့်အလမ်းများ   ဖော်ဆောင်ပေးနိုင်မည်ဟု   ပြန်လည်   ပြောဆိုခဲ့သည်။

တရုတ်သံအမတ်ဘက်က ရခိုင်ပြည်နယ်ကို အကူအညီ ပေးရန် လိုအပ်သည့် ပစ္စည်းစာရင်းများကို မြန်မာအစိုးရက သံတမန်နည်းလမ်းဖြင့် အမြန်ပေးပို့ပြီး တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးကူညီမည်   ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly