ရပ်ကွက်ထဲမှာ စက်သုံးဆီ ချက်လို့ရလား

ရပ်ကွက်ထဲမှာ စက်သုံးဆီ ချက်လို့ရလား

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်မှာနေတဲ့ ဦးစံမင်းရေးလိုက်တဲ့ စာတစ်စောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရောက်ရှိလာခဲ့ပါတယ်။ စာထဲမှာရေးထားတဲ့ အကြောင်းအရာ ကတော့ အိမ်၊ လမ်း၊ ရပ်ကွက် သန့်ရှင်းရေးအတွက် စက်သုံးဆီ ပြန်လည်ပြင်ဆင်ရောင်းချနေတာကို အုပ်ချုပ်သူတွေအနေနဲ့ တားဆီးကြပ်မတ်ပေးဖို့ ရေးလိုက်တာ ဖြစ်ပါတယ်။

သူ့စာထဲမှာတော့သူဟာ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာနေတာနှစ် ၃၀နီးပါးရှိပြီလို့ပြောပါတယ်။ သူတို့စတင်နေထိုင်စဉ်က မိုးရွာရင်မြောင်း မရှိလို့ရေလျှံတဲ့အပြင်မြေသား လမ်းတွေ ဖြစ်တာကြောင့် ရွံ့ဗွက်တွေထဲက လျှောက်သွားရတာမို့ လမ်းတစ်ခါထွက်ဖို့ ကို အတော်စဉ်းစားရတယ်လို့ ဆိုပါတယ်။

ယခုအခါမှာ လမ်းတွေကို ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲပေမယ့်လည်း မိုးများလွန်းရင် ရေလျှံတာကတော့ မြောင်းတွေက အဖြစ်လောက်သာ ရှိနေလို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလိုရေကြီးရေလျှံတဲ့ အခါ မှာ သူတို့ရပ်ကွက်ထဲက အိမ်တစ်အိမ်က စက်သုံးဆီ(အင်ဂျင်ဝိုင်) ကို ပြန်လည်ချက်လုပ်ပြီး စွန့်ပစ်တဲ့ အညစ်အကြေးတွေက သူ့အိမ်ဝင်းထဲကနေ ဘေးပတ်ဝန်းကျင်ကို ရောက်လာပြီး မိုးစဲလို့ရေကျ သွားတဲ့အခါ အဲ့ဒီအညစ်အကြေးတွေက လမ်းပေါ်မှာ တင်ကျန်ရစ်တယ် လို့ ဆိုပါတယ်။ ဒီအိမ်နဲ့ ဘေးပတ်ဝန်းကျင် အိမ်တွေမှာလည်း သစ်ပင်စိုက်လို့ မရဘူး၊ စိုက်ထားတဲ့ သစ်ပင်တွေဟာ စက်သုံးဆီ အညစ်အကြေးတွေကြောင့် မကြာခင် အပင်သေသွားကြပါတယ်။ အချိန် မတော် လုပ်ကိုင်နေကြလို့ စည်ပိုင်းလှိမ့်သံတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့ သူတွေကို ကိုယ်ချင်းစာနာမှုမရှိဘဲ ထင်သလို လုပ်ကိုင်နေကြလို့ ပတ်ဝန်းကျင်က လူတွေမှာ ကျန်းမာရေး ထိခိုက်ကြတယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်နေတာတွေကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်သူတွေကို ပြောပေမယ့်လည်း ဘယ် လိုမှ မပြောကြလို့ အဲ့ဒီအိမ်က ပတ်ဝန်းကျင်ကိုပါ ဂရုမစိုက် မထေမဲ့မြင် ပြုလုပ်လာပါတယ်။ တကယ် ဆို ဒီလိုစက်သုံးဆီကို ပြန်လည်ပြုပြင်ရောင်းချတာက ဥပဒေနဲ့ မညီပါဘူး။ စွန့်ပစ်လိုက်တဲ့ အင်ဂျင်ဝိုင် ကို ပြန်ချက်ပြီး ရောင်းတာက တရားဝင် ခွင့်ပြုထားတာ မဟုတ်ပါဘူးလို့ ရေးပါတယ်။ လုပ်ငန်းသဘော အရ လုပ်တယ်ဆိုပေမဲ့ မသန့်ရှင်းတဲ့ဆီကို ချက်ထားတာကို သုံးမိတဲ့ ယာဉ်တွေမှာလည်း အန္တရာယ် ရှိပါတယ်၊ စက်သုံးဆီဖြစ်တဲ့အတွက် ရပ်ကွက်ထဲမှာ တရားမဝင် လုပ်နေတာကလည်း ပြည်သူတွေအ တွက် မီးဘေးအန္တရာယ် ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲက အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် ထိစပ်နေကြတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ် ထားသင့်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းပြီး ကျန်းမာရေးကို ထိခိုက်စေမယ့် စွန့်ပစ်စက် သုံးဆီ ချက်လုပ်နေတာကို တာဝန်ရှိသူများ တာဆီးပေးဖို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags