ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ဖလော်ရီဒါက ဘိုးဘွားရိပ်သာတွင် လူသေဆုံးမှုများ ဖြစ်ပွား

ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ဖလော်ရီဒါက ဘိုးဘွားရိပ်သာတွင် လူသေဆုံးမှုများ ဖြစ်ပွား

 

ဖလော်ရီဒါ၊ စက်တင်ဘာ ၁၄ ။              ။ ဟာရီကိန်း မုန်တိုင်း အာမာတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ဘိုးဘွားရိပ်သာတစ်ခုတွင် လျှပ်စစ်မီး ရက်ကြာ ပြတ်တောက်မှုဖြစ်နေရာမှ အဘိုးအဘွား ရှစ်ဦးသေဆုံးမှု ဖြစ်ပွားသည်။

မုန်တိုင်းကြောင့် လေပူပေးစနစ် ပြတ်တောက်မှုဖြစ်နေရာ အဆိုပါ ရိပ်သာမှ လူပေါင်း ၁၁၅ ဦးအား ရဲဌာနက စိတ်ချရသည့် နေရာသို့ ပြောင်းရွှေ့ပေးထားရသည်။

ဟောလိဝုဒ်ဟေးလ်ရှိ ပြန်လည်ထူထောင်ရေးစင်တာ ဘိုးဘွားရိပ်သာကို ချိတ်ပိတ်လိုက်ပြီး ယင်းဘိုးဘွားရိပ်သာက လူသေဆုံးမှုကို ရဲတပ်ဖွဲ့က ရာဇဝတ်မှုနှင့် ပတ်သက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဟောလိဝုဒ်ရဲဌာန အကြီးအကဲ သောမတ်စ်ဆန်ချီက ပြောသည်။

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်ရုံးမှ ဗဟိုစုံစမ်းရေးအရာရှိများလည်း အခင်းဖြစ်ရာသို့ ရောက်ရှိလာကြောင်း မြို့တာဝန်ရှိသူများက ထုတ်ပြန်သည်။

“ခု အဘိုးအဘွားတွေ သေဆုံးရတာဟာ လျှပ်စစ်မီး ရက်ကြာပြတ်တောက်တာနဲ့ ဆက်စပ်မှု ရှိနိုင်တယ်။ ဒီလို လျှပ်စစ်မီး ပြတ်တောက်လို့ လေပူပေးစနစ် ပြတ်တောက်နေတာ ရက်ကြာလို့   ဖြစ်နိုင်ပါတယ်။”ဟု ဆန်ချီက ပြောပြီး မြို့ရှိ အခြားသော ဘိုးဘွားရိပ်သာနှင့် အဆောက်အအုံပေါင်း ၄၂ ခုကိုလည်း တာဝန်ရှိသူများက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း   ဖြည့်စွက်ဆိုသည်။

ယခု ဘိုးဘွားရိပ်သာတွင် သုံးဦးသေဆုံးနေသည်ကို တွေ့ရပြီး ကျန်ငါးဦးမှာ ဆေးရုံအရောက် သေဆုံးခြင်းဖြစ်ကြောင်း ဘရိုဝတ်ဒ်ကောင်တီ မြို့တော်ဝန် ဘာဘာရာက ပြောသည်။

ဟာရီကိန်း အာမာမုန်တိုင်းတိုက်ခိုက်ပြီးနောက် ဖလော်ရီဒါ၊ ဂျော်ဂျီယာနှင့် ကာရိုလိုင်းနားပြည်နယ်များတွင် လူ ဆယ်သန်းကျော် လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly