ကုလညီလာခံသို့ မတက်ဖြစ်သည့်အကြောင်းအရင်းများတွင် ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးဖြစ်ပေါ်နေခြင်းများ ပါ၀င်

ကုလညီလာခံသို့ မတက်ဖြစ်သည့်အကြောင်းအရင်းများတွင် ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးဖြစ်ပေါ်နေခြင်းများ ပါ၀င်

နေပြည်တော်၊ စက်တင်ဘာ၁၃၊ ။           ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက် ဖြစ်သည့် အကြောင်းအရင်းများအနက် အစိုးရကို ဆန္ဒပြမှုနှင့် ဆက်စပ်သော ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးဖြစ်ပေါ်နေခြင်းများ အပါအဝင် အချက်  ၄ ချက် ပါဝင်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၁၃ ရက် ညခင်းပိုင်းက သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲလုပ်သည့် ခန်းမဆောင် အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ် မသွားဖြစ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်သည့် ကိစ္စရပ်အား အသေးစိတ် ရှင်းပြသည့် အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရင်း လေးချက်မှာ ရခိုင်ပြည်နယ်ရှိ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခြင်း၊ အစိုးရကို ဆန္ဒပြမှုနှင့် ဆက်စပ်သော ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးခြင်း အပါအဝင် တောင်တွင်းကြီး ဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံမြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော အချက်နှင့် နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးအခြေအနေများကြောင့်  ဖြစ်သည်ဟု သိရသည်။

“ပြည်တွင်းမှာ ရခိုင်ပြည်နယ်မောင်တော ပြသာနာနဲ့ ပတ်သတ်ပြီးတော့ ဆန္ဒပြမှုတွေရှိတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒုပြမှုတွေရှိပါတယ်။ ဆန္ဒပြမှုတွေနဲ့ စပ်ဆက် ပြီးတော့ လူမျိုးရေး ဘာသာရေး ဘက်ကို ဆွဲသွားတဲ့ ပဋိပက္ခဖန်တီးမှုတွေလည်းရှိတယ်။ ပြီးခဲ့တဲ့ တောင်တွင်းကြီးြ့ဖစ်စဉ်မှာ တွေ့ခဲ့ရသလို ကျွန်တော်တို့ ပြည်တွင်းမှာ တည်ငြိမ်မှုအတွက်အထူးအလေးထားပြီးတော့ လုပ်နေရတဲ့ အနေ အထား ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှုတွင် တိမ်းရှောင်သူများအားပြန်လည်နေရာချထားရေး လုပ်ဆောင်နေကြောင်း ထည့်သွင်းပြောခဲ့သည်။

“ ဘင်္ဂါလီတွေက မြောက်ဘက် ကိုပြေးတယ်။ တိုင်းရင်းသားတွေက တောင်ဘက်ကိုပြေးတယ်။ စစ်တွေဘက်ထိ ပြေးကြတယ်ပေါ့နော်။ အဲ့ပြေးသွားတဲ့ ဟာတွေမှာ ကျွန်တော်တို့ ပြန်ပြီးတော့   နေရာတွေစုစည်း  နေရာ ၇နေရာ နဲ့ ပြန်လက်ခံဖို့ လုပ်ထားတယ်။ တိုင်းရင်းသားတွေကိုတော့ သူတို့ရဲ့ ရွာတွေကို ကျွန်တော်တို့ ပြန်ပြီး ထားထားတယ်။ ပြန်ပြီးတော့ နေရာချထားတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအား အစိုးရမှ ချက်ချင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော အချက်အပေါ် လုံခြုံရေးအရ အစိုးရမှ အထူးအလေးထားဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဆေးရုံတက်ရောက်ကုသနေရသောကြောင့် နဂိုမူလက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ လာမည် စက်တင်ဘာလ ၂၀ ရက်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည် ဖြစ်သည်။

“ဒုသမ္မတ သွားမယ်ဆိုတာက အရင်တုန်းက ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ General Debate ကိုသွားတာ နိုင်ငံခြားရေး ဝန်ကြီးတွေများပါတယ်။ တော်တော်များများ မသွားဖြစ်ကြဘူး။ ဝန်ကြီးလယ်ဗယ်လောက်ပဲ သွားတယ်။ သို့သော် မြန်မာနိုင်ငံ အထူးသဖြင့် စိတ်ဝင်စားနေတဲ့ ရခိုင်ကိစ္စပေါ့။ ကျန်တဲ့ ငြိမ်းချမ်းရေးကိစ္စ ဒါမျိုးတွေနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားဖို့ ဒုတိယသမ္မတ အဆင့်ပေါ့နော် သွားရောက်တာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly