ဗြိတိန်ရဲ့ သမိုင်းအမွေအနှစ် စတုန်းဟမ်းချ်အနီး ဥမင်ဖောက်မှာကို ကန့်ကွက်နေတဲ့ကြားက အတည်ပြု

By AFP
13 September 2017
ဗြိတိန်ရဲ့ သမိုင်းအမွေအနှစ် စတုန်းဟမ်းချ်အနီး ဥမင်ဖောက်မှာကို ကန့်ကွက်နေတဲ့ကြားက အတည်ပြု

လန်ဒန်၊ စက်တင်ဘာ ၁၃ ။           ။ ဗြိတိန်ရဲ့ သမိုင်းမတိုင်ခင် အမွေအနှစ်ဖြစ်တဲ့ စတုန်းဟမ်းချ်အနီးကနေ လမ်းဥမင်သစ် ဖောက်လုပ်မှာကို ဆဲလ်တစ်လူမျိုးစု ဘုန်းကြီးတွေနဲ့   ရှေးဟောင်းသုတေသနပညာရှင်တွေက နှစ်များစွာ ကန့်ကွက်လာပေမယ့် စက်တင်ဘာ ၁၂ ရက်မှာ အစိုးရက နောက်ဆုံးအတည်ပြုလိုက်ပါတယ်။

ယူနက်စကိုရဲ့ သမိုင်းအမွေအနှစ်စာရင်းသွင်းခံထားရတဲ့ အင်္ဂလန်က ဝစ်ရှိုင်းယားခရိုင် အမတ်စ်ဘူရီမြို့ မြောက်ဖက်မှာ ရှိတဲ့ သမိုင်းမတိုင်ခင် ဘီစီ ၃၀၀၀ လောက်ကတည်းက ရှိနေခဲ့တဲ့ အထိမ်းအမှတ် အဆောက်အဦးတစ်ခုရဲ့ ကျောက်တိုင်ကြီးတွေ အနီးမှာ ဘတ်ဂျက် ၁ ဒဿမ ၆ ဘီလီယံ အကုန်ခံပြီး လမ်းဥမင် ဖောက်လုပ်မှာ ဖြစ်ပါတယ်။

အရှည် ၁ ဒဿမ ၈ မိုင် ရှိမယ့် လမ်းဥမင်ဟာ အင်္ဂလန် အရှေ့အနောက် လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေကို လျှော့ချပေးမယ်လို့ အာဏာပိုင်တွေက ဆိုပြီး ဝေဖန်မှုတွေကို တုံ့ပြန်ဖြေရှင်းပေးတဲ့ အနေနဲ့ စတုန်းဟမ်းချ်ရဲ့ ခပ်ဝေးဝေးမှာပဲ ဖောက်လုပ်မှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အကျိုးအမြတ်မမျှော်တဲ့ စတုန်းဟမ်းချ်မဟာမိတ်များအဖွဲ့က ရှေးဟောင်းသမိုင်းဝင်နေရာကို ပျက်စီးမှု ဖြစ်စေမယ်လို့ ပြောကြပါတယ်။

“ခုလမ်းဥမင် စီမံကိန်းကို ပြန်ပြီး အားလုံးသုံးသပ်ဖို့ လိုတယ်။ ဒါက ပေါ့သေးသေး မဟုတ်ဘူး။ သမိုင်းဝင်နေရာကို အကြီးအကျယ် ဖျက်ဆီးနိုင်တယ်။”လို့ အဖွဲ့မှာပါသူတစ်ဦးက ဆိုပါတယ်။

ကွန်ဆာဗေးတစ်အုပ်စုတွေဖြစ်တဲ့ အင်္ဂလိပ်အမွေအနှစ်များအဖွဲ့နဲ့ အမျိုးသားယုံကြည်မှု အဖွဲ့တို့ကတော့ ခုစီမံကိန်းကို အတည်ပြုပါတယ်။ ဒါပေမယ့် ပြင်ဆင်ပြီး ဖောက်လုပ်မယ့် လမ်းကြောင်းကလည်း စတုန်းဟမ်းချ်ရဲ့ အမွေအနှစ်ပုံရိပ်ကို မထိခိုက်ဖို့ လိုကြောင်း ဆိုပါတယ်။

ခုလမ်းကြောင်းသစ်ဟာ ဒေသကို အကြီးအကျယ် စည်ပင်ဖွံ့ဖြိုးစေမှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ချားစ်ဂရေးလင်းက ပြောပါတယ်။

“ခရီးသွားချိန် တိုသွားမယ်။ ယာဉ်ကြောပိတ်ဆို့တာတွေ နည်းသွားမယ်။ လေထုသန့်ရှင်းမှု ရှိမှာမို့လည်း ဒေသခံပြည်သူတွေအတွက် အကျိုးရှိမယ်။ ဒါအပြင်လည်း ခရီးသွားလုပ်ငန်းကိုပါ ပိုပြီးဖွံ့ဖြိုးလာစေမှာဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly