နေပြည်တော်(စက်တင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ၁၉ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ “နိုင်ငံတော် အခြေပြမိန့်ခွန်း” ပြောဖို့ရှိတယ်လို့ ပြည်ထောင်စုအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)မှာ ပြောကြးမှာဖြစ်ပြီး နိုင်ငံတကာ သံရုံးတွေအပြင် နိုင်ငံတကာ မီဒီယာကိုလည်း ဖိတ်ကြားသွားဖို့ရှိတယ်လို့ သမ္မတအိမ်တော်သတင်းထောက်တွေနဲ့ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံစဉ် ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။
နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိနေတဲ့ ရခိုင်အရေးကို ဆွေးနွေးကြမယ်လို့ အများစု ခန့်မှန်းနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မှာ မဟုတ်ဘဲ ပြည်တွင်းမှာပဲ အခြေပြမိန့်ခွန်း ပြောဆိုမှာ ဖြစ်ပါတယ်။
“ဒီဟာ(နိုင်ငံတကာဖိအား)တွေနဲ့ပတ်သက်ပြီး ဝန်ခံတာ၊ မဝန်ခံတာထက် တစ်ကယ့် အဖြစ်မှန် ပြောမှာပါ။ တစ်ကမ္ဘာလုံးကို ပြောမှာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ မြန်မာနိုင်ငံ အရေးကိစ္စတွေကို ဒုတိယသမ္မ-၂ ဦးဟင်နရီဗန်ထီးယူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေပြမိန့်ခွန်းပြောအပြီး နောက်တစ်ရက်အကြာမှာ ပြောကြားဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းက ကမ္ဘာ့ခေါင်းဆောင်တစ်ချို့နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။