အဓိကနှင့် သာမည ခွဲခြားတတ်ဖို့

အဓိကနှင့် သာမည ခွဲခြားတတ်ဖို့

လွန်ခဲ့သည့် သုံးလေးရက်က မနက်ပိုင်း မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ ဆိုးရွားစွာ ရေဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အထက်ပိုင်း နေရာအချို့မှ ဆေးရုံဆေးခန်းများ ပျက်စီးဆုံးရံှုးမှု အခြေအနေတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည့် သတင်းကို ကြားကြရမည် ဖြစ်သည်။

မြို့နယ်၊ တိုက်နယ် ဆေးရုံ၊ ဆေးခန်းတို့၏ အဆောက်အအုံ၊ လျှပ်စစ်ဆက်သွယ်မှု၊ ရေ သိုလှောင်မှု၊ ဆေးရုံသုံးပစ္စည်း၊ ဆေးဝါးစသည့် ဆုံးရံှုးမှုတို့ကို တွက်ချက်ပေးနိုင်သည့် နေရာတို့မှ အချက်အလက် များဖော်ပြ၍ တွက်ချက်မရနိုင်သေးသည့် အချက်အလက်များကို ဆက်လက်စိစစ် ဆောင်ရွက်နေကြောင်း သတင်းက ဆိုသည်။

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ ပြည်သူတို့လည်း ထိခိုက်နစ်နာကာ ပျက်စီး ဆုံးရံှုးမှုများ ကြုံရသည့်နည်းတူ အများဆိုင်ရာ အဆောက်အအုံနှင့် ပစ္စည်းများလည်း အလားတူ ထိခိုက်ပျက်စီး ဆုံးရှုံးရသည်သာ ဖြစ်သည်။

ယခုရေဘေးတွင် ဒုက္ခသည် ပြည်သူတို့အား ပထမဦးစွာ စေတနာရှင်ပြည်သူများ၊ ဒုတိယ နိုင်ငံတော်နှင့် တတိယ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အကူအညီများ ပေးခဲ့ ကြသည်။ ပေးလျက်လည်း ရှိကြသည်။ ထပ်မံပေးပို့ကြဆဲ၊ ပေးရန် စုဆောင်းကြဆဲလည်း ဖြစ်သည်။

အစိုးရဌာနများကို နိုင်ငံတော်၏ အစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ကြရမည် ဖြစ် သော်လည်း ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ ရေဘေးသင့်ပြည်သူများအတွက် အချိန်နှင့်အမျှ အရေးပါနေသည့် အချက်များ ဖြစ်သည်။

အထူးသဖြင့် ကျန်းမာရေးမှာ ပို၍ အရေးပါနေသည်။ စားနပ်ရိက္ခာ၊ အဝတ်အစားနှင့် ယာယီတဲ များစသည့် စားဝတ်နေရေးဆိုင်ရာ ပစ္စည်းများနည်းတူ ဆေးဝါး၊ ဆေးကုသမှုတို့မှာလည်း အရေးပေါ် လိုအပ်သည့် အရာများ ဖြစ်နေကြသည်။

ထိုသို့အရေးပါသည့် ကျန်းမာရေးပိုင်းဆိုင်ရာ၌ ပျက်စီးဆုံးရှုံးမှုများတွင်  ဆေးဝါးများ၊ ဆေးကုသမှုဆိုင်ရာ ပစ္စည်းများ ပါဝင်နေကြသည်။ ယင်းတို့မှာ ရေဘေးသင့်ပြည်သူများအတွက် လတ်တလောအခြေအနေမျိုး၌ အထူးအရေးပါသည်။

ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကို အလေးထား ဆောင်ရွက်ဖို့အရေးမှာ ကျန်းမာရေးဝန်ကြီးဌာနအတွက် အဓိကကျကြောင်း အထူးပြောဖို့ပင် မလိုချေ။ သို့ရာတွင် ပြောစရာက ရှိလာသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် မိမိ၏ တာဝန်ဝတ္တရား များထဲတွင် ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကို ဦးစားပေးလုပ်ကိုင်ရန် လတ်တလော အဓိက ကျသည့် ကာလမျိုးတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ဖဲကြိုးနက် တပ်ဆင်၍ ကြိုဆိုကြရသည့် လုပ်ရပ်တစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လာသည်။ စစ်ဘက်အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပို့ဆောင်ခန့်ထား လာခြင်း ဖြစ်သည်။

နိုင်ငံအနှံ့ ကျန်းမာရေးပြဿနာ ကြုံနေကြရသည်ကို မိမိတို့ ကျရာကဏ္ဍမှ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်နေကြသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတို့အား မောနေသည်ကို ဆို့သွားအောင် လုပ်လိုက်သည် သို့ ရှိတော့သည်။ မခံစားနိုင်ကြသည့်အဆုံး ဖဲကြိုးနက်များ ရင်ဝယ် ချိတ်၍ ကြိုဆို ကြရရှာသည်။

နိုင်ငံတော်သည်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည်လည်းကောင်း ရေဘေးသင့် ပြည်သူများ၏ ကျန်းမာရေးထက်ပို၍ အရေးကြီးသောအရာ မရှိသည်ကို ဦးထိပ်ထား၍ ဝန်ကြီးဌာန အထူးနေရာ များ ဖြည့်စွက်ခန့်ထားခြင်းမျိုးကဲ့သို့ အရေးပေါ်အခြေအနေ၌ ဆိုင်းငံ့ထားနိုင်သေးသည့်  အရာများကို ဦးစားပေး၍ မဖြစ်မနေ လုပ်ဆောင်ခဲ့ခြင်းမျိုးကို နောက်နောင် အထူးသတိထား ဆောင် ရွက်သင့် လှပေသည်။

အလားတူပင် ဖဲကြိုးနက်ဖြင့် ကြိုဆိုခံကြရမည့် လာလတ္တံ့သော လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကာ ဒီမိုကရေစီနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ဆောင်ရွက်မှုမျိုးဖြင့် ပြည်သူတို့၏ အကျိုးကို သယ်ပိုး ရွက်ဆောင်နိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags