ကင်ညာတွင် ပါလီမန်ဖွင့်ပွဲအား အတိုက်အခံက သပိတ်မှောက်

By AFP
13 September 2017
ကင်ညာတွင် ပါလီမန်ဖွင့်ပွဲအား အတိုက်အခံက သပိတ်မှောက်

နိုင်ရိုဘီ၊ စက်တင်ဘာ ၁၃ ။        ။ ကင်ညာ တရားရုံးချုပ်က ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲကို ပယ်ချကာ အသစ်ပြန်လည် ကျင်းပရန် အမိန့်ချမှတ်ထားစဉ် စက်တင်ဘာ ၁၂ ရက်က ပါလီမန်လွှတ်တော် ဖွင့်ပွဲ ကျင်းပလာခြင်းအား အတိုက်အခံက သပိတ်မှောက်သည်။

အတိုက်အခံအမတ်များက သပိတ်မှောက်မည်ဟု ကြွေးကြော်ထားသည့် ကြားက သြဂုတ် ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရထားသူ သမ္မတ ကင်ယတ်တာက အဆိုပါ ပါလီမန်ဖွင့်လှစ်မှုကို ဦးစီးကျင်းပခြင်း ဖြစ်သည်။

တရားရုံးချုပ် တရားသူကြီးများက ပါလီမန်ဖွင့်ပွဲသို့ ထုံးတမ်းစဉ်လာအရ တက်ရောက်သော်လည်း မလွှဲသာလို့ တက်ရောက်ကြခြင်းသာ ဖြစ်သည်။

“ရွေးကောက်ပွဲကာလတုန်းက ဘယ်လိုပဲ နိုင်ငံရေး ဆူညံဆူညံ ဖြစ်ခဲ့ပါ။ ကင်ညာပြည်သူအားလုံးနဲ့ ကမ္ဘာကို ကျွန်တော် အာမခံနိုင်တာက အစိုးရရဲ့ အာဏာသက်ဝင်မှုကတော့ ရှိနေပါတယ်။”ဟု ကင်ယတ်တာက ပြောသည်။

တရားရုံးချုပ်၏ စီရင်ချက်နောက်တွင် ကင်ယတ်တာနှင့် အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါတို့အကြား  သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကို အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

“ခုလို ရွေးကောက်ပွဲကို ပြန်ကျင်းပခိုင်းတာကို ကျွန်တော် လုံးလုံး သဘောမကျပေမယ့်လည်း လက်ခံတယ်။ ဖွဲ့စည်းပုံကို ကိုင်စွဲထားသူကို ဖယ်ရှားပစ်လို့ မရပါဘူး။”ဟု ကင်ယတ်တာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly