“လူမျိုးသုဉ်း သတ်ဖြတ်မှု” လုံးဝမသုံးရန် ကုလအစည်းအဝေးတွင် မြန်မာသံအမတ်ပြော

“လူမျိုးသုဉ်း သတ်ဖြတ်မှု” လုံးဝမသုံးရန် ကုလအစည်းအဝေးတွင် မြန်မာသံအမတ်ပြော
မောင်တောတွင် လုံခြုံရေးယူထားသော လုံခြုံရေးတပ်ဖွဲ့အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-စိုးသူရ
 

ရန်ကုန်၊ စက်တင်ဘာ ၁၃ ။        ။  “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု”၊ “လူမျိုးသုဉ်း သတ်ဖြတ်မှု” စသည့် အသုံးအနှုန်းများဖြင့် စွပ်စွဲချက်များအား မြန်မာနိုင်ငံမှ လုံးဝလက်မခံနိုင်ကြောင်း ကုသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကပြောကြားလိုက်သည်။

ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှု” “လူမျိုးသုဉ်းသတ်ဖြတ်မှု” စသည့် စကားလုံးများအား အသုံးပြုကာ လွန်ခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၆ ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာဘက်က ကန့်ကွက်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ စကားရပ်များတွင် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲ အဓိပ္ပါယ်များရှိသည့်အပြင် အလွယ်တကူ သုံးနှုန်းသင့်သည့် စကားလုံးများမဟုတ်ဘဲ အထူးသတိထား သုံးနှုန်းသင့်သည့် စကားများဖြစ်သည်ဟုလည်း မြန်မာ သံအမတ်ကြီးကပြောကြေားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ဥပဒေကြောင်းနှင့် တရားရေးရာဆိုင်ရာ လေ့လာသုံးသပ် ဆန်းစစ်မှုများအပေါ်တွင်သာ မူတည်ပြီး အသုံးပြုသင့်သည့် စကားရပ်များဖြစ်ကြောင်း လည်း ပြောဆိုခဲ့သည်။

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်မျိုးဖြစ်ပေါ်လာမည်ကို မည်သို့မျှ လက်ခံမည် မဟုတ်သည့်အပြင် အဆိုပါ စကားရပ်များ သုံးနှုန်းမှုကို လုံးဝလက်မခံ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့သော စကားလုံးများကို မဆင်မခြင် အထောက်အထားမဲ့ အသုံးပြုမှုမျိုးသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မီးလောင်ရာ လေပင့်ဖြစ်စေသည်ဟု မြန်မာ သံအမတ်ကြီးကပြောဆိုခဲ့သည်။

ဒုက္ခ အခက်အခဲများနှင့် တကယ်တမ်း ရင်ဆိုင်နေရသည့် လူ့အသိုက်အဝန်းများအကြား ပိုမိုစိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည့် အပြင် နိုင်ငံတကာ အသိုက်အဝန်းမှ မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲမှားစေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly