ရော်ဘာကျည်ဆံရုတ်တရက် ပွင့်ထွက်ရာမှ အရပ်သားတစ်ဦး ဒဏ်ရာရ

ရော်ဘာကျည်ဆံရုတ်တရက် ပွင့်ထွက်ရာမှ အရပ်သားတစ်ဦး ဒဏ်ရာရ
ဓာတ်ပုံ-ဗိုလ်ပြည့်(တောင်တွင်းကြီး)

မကွေး စက်တင်ဘာ၁၃ ။           ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ တွင် အဓိကရုဏ်းများကို လူစုခွဲထိန်းသိမ်းသည့် ရော်ဘာကျည်ဆံသုံး ( 12 ဗို့ ) သေနတ်တစ်လက်မှ ရုတ်တရက်ကျည်ပွင့်ထွက်ရာမှ အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မြို့လယ်လမ်းဆုံရှိ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရုံးခန်းအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ရဲဝင်း ကိုင်ဆောင်ထားသော သေနတ်မှ ယနေ့ စက်တင်ဘာ (၁၃) ရက် ၊ နံနက် (၁၀) နာရီ (၁၅) မိနစ် အချိန်ခန့်က ကျည်ဆံထွက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျည်ဆံထွက်မှုကြောင့် အနီးနားရှိ တောင်တွင်းကြီးမြို့ ၊ ရွှေအိုး (၁) ရပ်ကွက်နေ အသက် ၃၁ နှစ်ရှိ ကိုစိုးမိုးအောင်ကို ထိမှန်ခဲ့သည် ။

ထိုသို့ ရော်ဘာကျဉ်ဆံများ ထိမှန်ခဲ့မှုကြောင့် ကိုစိုးမိုးအောင်တွင် ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ ၊ ဝဲဘက်ပါးပွန်းပဲ့ဒဏ်ရာ ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ ၊ ဝဲဘက်ပုခုံးပေါ် ပွန်းပဲ့ဒဏ်ရာ တို့ ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ ကိုစိုးမိုးအောင်၏ဒဏ်ရာ အခြေအနေမှာ အသက်အန္တရယ် မစိုးရိမ်ရကြောင်းလည်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အတွက် ဖြစ်ပွားခဲ့ကြောင်း အသေးစိတ် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ကနဦးသတင်း ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly