အာဆင်နယ်နှင့်ပွဲတွင် ဟာဇက်၏ ကြံ့ခိုင်မှုကို စွန့်စားစမ်းသပ်မည်မဟုတ်ဟု ကွန်တီဆို

အာဆင်နယ်နှင့်ပွဲတွင် ဟာဇက်၏ ကြံ့ခိုင်မှုကို စွန့်စားစမ်းသပ်မည်မဟုတ်ဟု ကွန်တီဆို

စက်တင်ဘာ ၁၃၊ လန်ဒန်။          ။ တနင်္ဂနွေနေ့တွင် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့်ကစားရမည့်ပွဲစဉ်တွင် အီဒင်ဟာဇက်၏ကြံ့ခိုင်မှုကို စွန့်စား စမ်းသပ် သွားမည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောသည်။

ယမန်နှစ်ရာသီနှောင်းပိုင်းက ခြေထောက်ကျိုးပြီးအနားယူခဲ့ရသည့် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားသည် ကြံ့ခိုင်မှု တိုးတက်လာနေပြီး စနေနေ့က လက်စတာနှင့်ပွဲတွင် ၁၂ မိနစ်ကြာဝင်ရောက်ကစားခဲ့သကဲ့သို့ ကွာရာဘတ်ကို ခြောက်ဂိုးပြတ် အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲတွင်လည်း ပွဲချိန် ၅၈ မိနစ်၌ လူစားဝင်ရောက်ကစားခဲ့သည်။

ဟာဇက်အနေဖြင့် ရာသီသစ်တွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်နိုင်တော့မည်ဖြစ်သော်လည်း နည်းပြကွန်တီက ၎င်း၏ အဓိက ကစားသမား ဒဏ်ရာပြန်ရသွားမည့် အခြေအနေမျိုးကို အဖြစ်ခံနိုင်မည်မဟုတ်ဟု ပြောသည်။

“ဟာဇက်နဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ စိတ်ရှည်ရပါမယ်။ သူ့အခြေအနေအပြည့်အဝပြန်ကောင်းလာအောင် ကြိုးစားပေး ရပါမယ်။ အခြေအနေလည်းတိုးတက်ကောင်းမွန်နေပါတယ်။

အသင်းမှာ ပက်ဒရို၊ ဝီလျံတို့လိုသိပ်ကောင်းတဲ့ကစားသမားတွေလည်းရှိနေသေးတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ဟာဇက်ကို အသင်းမှာပြန်မြင်ရတာ ကျေနပ်စရာပါ။ အခုတော့ အသင်းနဲ့ကစားသမားအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကို လုပ်ရပါမယ်” ဟု ကွန်တီကဆိုသည်။

ကွာရာဘတ်ကို ဂိုးပြတ်အနိုင်ရလိုက်ခြင်းမှာလည်း တစ်နှစ်ကြာဝေးကွာနေခဲ့သည့် ဥရောပအဆင့်မြင့်ပြိုင်ပွဲကို အပြီးပြည့်စုံဆုံး ပြန်လည်စတင်လိုက်နိုင်ခြင်းဖြစ်သည်ဟုလည်း ကွန်တီကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly