ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွကို ချယ်လ်ဆီးယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုလိုက်တဲ့ ဟက်ဇက်

ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွကို ချယ်လ်ဆီးယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုလိုက်တဲ့ ဟက်ဇက်

ချယ်လ်ဆီးတိုက်စစ်မှူးဟက်ဇက်ဟာ ဒဏ်ရာက ပြန်လည်သက်သာလာပြီး လက်စတာကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲနဲ့ ကွာရာဘတ်ကို ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲတွေမှာ ပြန်လည်ပါဝင်ကစားခဲ့ပါတယ်။

ဟက်ဇက်က လက်ရှိအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက ဒဏ်ရာလုံးဝပျောက်ကင်းသက်သာသွားဖို့ဖြစ်တယ်လို့ ဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒေးလီးမေးလ်သတင်းစာနဲ့ဟက်ဇက်တို့ရဲ့ အင်တာဗျုးမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို မဇ္ဈိမ ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မေး - ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ကစားရမှာဆိုတော့ ပရီးမီးယားလိဂ်မှာ အာရုံစိုက်နိုင်ဖို့ ပိုပြီး ခက်သွားမှာပေါ့။ ချယ်လ်ဆီးအတွက် အဓိကဦးစားပေးက ပရီးမီးယားလိဂ်လား၊ ချန်ပီယံလိဂ်လား။

ဖြေ - ဒီနှစ်က မနှစ်ကနဲ့ ဘာမှ ထူးခြားပြီးပြောင်းလဲသွားတယ်လို့ မထင်ပါဘူး။ ရာသီတိုင်းက ခက်ခဲတာပါပဲ။ အထူးသဖြင့် ပြိုင်ပွဲတွေ အများကြီး ကစားရမယ်ဆိုရင်ပေါ့ဗျာ။ ဒီနှစ်ကချန်ပီယံလိဂ်ကစားရမှာဆိုတော့ ပြိုင်ပွဲတိုင်းမှာ အောင်မြင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမှာပါ။ တောင့်တင်းတဲ့အသင်းတစ်သင်းကို ပိုင်ဆိုင်ထားလို့ ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်တော့ အနားရမှာပါ။ ဒါဆို အနားရတဲ့သူက နောက်ပွဲမှာ ၁၁၀ ရာခိုင်နှုန်းလောက် ပေးဆပ်ကစားပါလိမ့်မယ်။ ဖြစ်နိုင်သမျှဆုဖလားအားလုံးကိုတော့ လိုချင်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်း သဘောအရဆိုရင်တော့ ချန်ပီယံလိဂ်ကို မရဖူးလို့ ပိုပြီးလိုချင်ပါတယ်။ ဒါပေမယ့် ဆုဖလားတိုင်းကို ရအောင် ကြိုးစားသွားမှာပါ။

မေး - ပရီးမီးယားလိဂ်မှာ ဘယ်အသင်းက ချယ်လ်ဆီးရဲ့ အဓိက ပြိုင်ဘက်လဲ။

ဖြေ - ဒီနေရာမှာ တစ်သင်းတည်းဆိုတာ မရှိပါဘူး။ အာဆင်နယ်၊ မန်ယူ၊ လီဗာပူးလ်၊ မန်စီးတီး အားလုံးက ကစားသမားကောင်းတွေနဲ့ နည်းပြကောင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်တော်တို့ အားလုံးနဲ့ ယှဉ်ပြိုင်ရပါလိ့မ်မယ်။

မေး - ကွန်တီနဲ့ခင်ဗျားရဲ့ ဆက်ဆံရေးကရော။

ဖြေ - နည်းပြတိုင်းနဲ့ကျွန်တော့်ရဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ခင်ဗျားသိပါတယ်…ကျွန်တော်တို့က နေ့တိုင်း အတူတူ လေ့ကျင့်ခန်းဆင်းနေရတာလေ။ စကားတွေပြောကြတယ်။ ရယ်ကြတယ်။ ကျွန်တော်တို့ကြားမှာ တကယ်ကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ သူငယ်ချင်းတွေလို့ ပြောချင်တာ မဟုတ်ဘူးနော်။ နည်းပြနဲ့သူငယ်ချင်းလိုဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ အဲ့လိုပြောလို့ ဆက်ဆံရခက်တယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ကြားက ဆက်ဆံရေးက ကောင်းပါတယ်။

မေး - ချယ်လ်ဆီးနဲ့ ၂ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့၊ ချန်ပီယံလိဂ်ဖလားရဖို့၊ ဘယ်လ်ဂျီယံနဲ့ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ အဲ့ဒီသုံးခုမှာ ဘယ်ဟာက အခက်ဆုံးဖြစ်မလဲ။

ဖြေ - မပြောတတ်ဘူး။ ဘယ်လ်ဂျီယံနဲ့ကမ္ဘာ့ဖလားရဖို့က အခက်ဆုံးဖြစ်မယ်လို့ ထင်တာပဲ။ အရင်က ဘယ်လ်ဂျီယံနဲ့ကျွန်တော်တို့က ဘာမှ မရခဲ့ဖူးဘူးလေ..ဒါကြောင့် အခက်ဆုံးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိပြီး နည်းပြကောင်းတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ လူငယ် ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားလို့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆုဖလားတိုင်းက ဗိုလ်စွဲဖို့ ခက်ခဲတာပါပဲ။ တစ်ပွဲတည်းကစားရတာမဟုတ်ဘူးလေ။ ပွဲတွေအများကြီး နိုင်ဖို့လိုပြီး အဖက်ဖက်က အားလုံးပြည့်စုံကောင်းမွန်နေဖို့ လိုပါတယ်။ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။

မေး - နေမာရဲ့တန်ကြေးက ယူရို ၂၂၂ သန်းတဲ့… ဒါဆို ဟက်ဇက်ရဲ့တန်ကြေးကရော ဘယ်လောက်ရှိမလဲ။

ဖြေ - ယူရို ၁ ဘီလီယံ…ဟား..ဟား…ဟား         ။ နောက်တာပါဗျာ၊ တစ်ဘီလီယံ မတန်ပါဘူး။ နေမာက ဘရာဇီးကစားသမားဖြစ်ပြီး သူက ထိပ်တန်းကစားသမားလေ။ အဲ့ဒီမေးခွန်းအတွက်တော့ ကျွန်တော့်မှာ အဖြေမရှိပါဘူး။

မေး - ခင်ဗျားရဲ့ တစ်ဦးချင်းအောင်မြင်မှု ရည်မှန်းချက်တွေက ဘာတွေလဲ။

ဖြေ - အခုအချိန်မှာ အရေးအကြီးဆုံးက ကျွန်တော်အမြန်ဆုံးပြန်ကောင်းလာဖို့ပါပဲ။ ဒါမှ ကွင်းထဲကို ပြန်လာပြီး ကောင်းကောင်းကစားနိုင်မှာလေ။ ရည်မှန်းချက်ကတော့ ဘောလုံးကစားဖို့ပါပဲ။ ပရိသတ်တွေရှေ့မှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ပါ။ အဖွင့်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာက တကယ်ကို ဆိုးပါတယ်။ ဒါပေမဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးကစားဖို့ ပြန်လာခဲ့မှာပါ။

မေး - ပြီးခဲ့တဲ့နှစ်အနည်းငယ်က ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့မန်ယူက အဓိက ပြိုင်ခဲ့ရတယ်။ အဲ့ဒီမတိုင်ခင်ကတော့ မန်ယူနဲ့အာဆင်နယ်ပေါ့။ အခုနောက်ပိုင်းမှာတော့ လက်စတာတောင် ချန်ပီယံဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်အခြေအနေကို ပြောပါဦး။

ဖြေ - မှန်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က တစ်သင်း၊ နှစ်သင်းလောက်ပဲ ချန်ပီယံဆုအတွက် အဓိက ပြိုင်ခဲ့ရလို့ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုတော့ ၇ သင်း၊ ၈ သင်းလောက်ရှိနေပါပြီ။ အသင်းတိုင်းက ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေကြပါတယ်။ အသင်းငယ်လေးတွေတောင် အသင်းတိုင်းကို အနိုင်ယူနိုင်ကြပါတယ်။ အသင်းငယ်လို့ ကျွန်တော်က သုံးနှုန်းလိုက်ပေမယ့် တကယ်တော့ သူတို့က အသင်းငယ်တွေ မဟုတ်ကြပါဘူး။ အသင်းကြီးတွေနဲ့ချန်ပီယံအသင်းကိုတောင် အနိုင်ယူနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့က အရမ်းခက်ခဲပြီး စိတ်ဝင်စားစရာ အကောင်းဆုံး လိဂ်ပြိုင်ပွဲ တစ်ခုဖြစ်နေတာပေါ့ဗျာ။

မေး - ကစားသမားဘဝမှာ အမှတ်ရစရာအကောင်းဆုံး အဖြစ်အပျက် သုံးခုလောက် ပြောပြပါလား။

ဖြေ - အင်း.. အမှတ်ရစရာအဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ ရွေးပါဆိုရင်တော့ ပထမဆုံးတစ်ခုက ဘယ်လ်ဂျီယံအသင်းနဲ့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရတာပါ။ ကံမကောင်းခဲ့လို့ ဝေးလ်ကိုရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ကြပါတယ်။ အားလုံးခြုံပြောရရင် အတွေ့အကြုံတွေရခဲ့ပြီး တကယ်ကို အမှတ်ရစရာကောင်းခဲ့ပါတယ်။ ဒုတိယတစ်ခုကတော့ လိုင်လီအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်အဖြစ် ပွဲထွက်ကစားခဲ့ရတာပါ။ တတိယတစ်ခုကတော့ ချယ်လ်ဆီးနဲ့ပထမဆုံးပွဲထွက်ကစားခဲ့ရတာပါ။ ဒီသုံးခုက ဘဝမှာ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ အမှတ်တရတွေပါ။

မေး - Mercurial Ultra Flyknit အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့တုန်းကပေါ့… ခင်ဗျားရဲ့ ပထမဆုံးဘောလုံးကန်ဖိနပ်ကို မြင်တော့ ဘယ်လို ခံစားရလဲ။

ဖြေ - ကျွန်တော်တွေးတယ် “wow” ပါးစပ်ကလည်း အသံထွက်သွားတယ် “wow”။ အဲ့ဒီဖိနပ်က တကယ်ကို ကြည့်လို့ကောင်းပြီး ကျွန်တော့်ကစားပုံကို ပြီးပြည့်စုံသွားစေမယ်လို့ ထင်တယ်လေ။ ထူးထူးခြားခြားတစ်ခုခု လုပ်ပြနိုင်ဖို့ ကိုယ့်နည်းလမ်းနဲ့ကိုယ်ကြိုးစားခဲ့တယ်။ အဲ့ဒီဖိနပ်တစ်ရံက တကယ့်စပါယ်ရှယ်ပဲလို့ ကျွန်တော်ထင်တယ်။ ဘောလုံးကစားရင် လူတိုင်းက ကိုယ်ပိုင်ဖိနပ်ကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ တကယ်ကို ဂုဏ်ယူခဲ့ရပါတယ်။ ကျွန်တော်နဲ့အဲ့ဒီဖိနပ်လေးအတွက် အဲ့ဒီရာသီက တကယ်ကို ထူးခြားတဲ့ရာသီဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

ကျွန်တော် ဆုဖလားတွေ အများကြီး လိုချင်ပါတယ်။ ဖြစ်နိုင်ရင် ကမ္ဘာ့အကောင်းဆုံးဆုကိုရောပေါ့ဗျာ။ ကမ္ဘာ့အကောင်းဆုံးဆုကို ရယူနိုင်ရင်တော့ တကယ်ကို အကောင်းဆုံးပေါ့ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly