မိမိ၏ တာဝန်ကို မိမိ လုပ်သင့်သည့်အချိန်

မိမိ၏ တာဝန်ကို မိမိ လုပ်သင့်သည့်အချိန်

ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာ၊ ထိုမှတစ်ဆင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ပုဒ်မှာ ကျန်းမာရေးဝန်ကြီးဌာနသို့ တပ်မတော်အရာရှိများ ပြောင်းလဲတာဝန်ပေးခြင်းနှင့် ပတ်သက်၍ ဆရာဝန်များက ဝိုင်းဝန်းဆန့်ကျင်မှု ထွက်ပေါ်လာပြီးနောက် ယမန်နေ့က ကျန်းမာရေး ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဒေါက်တာသန်းအောင်က ယခုလ တပ်မတော်အရာရှိများကို အရပ်ဘက်ဌာန များသို့ ထပ်မံစေလွှတ်တော့မည် မဟုတ်ကြောင်း မီဒီယာများကို ပြောဆိုလိုက်သည့် သတင်းဖြစ်ပါသည်။

ယခုကဲ့သို့ တပ်မတော်သား အရာရှိများ အရပ်ဘက် ဝန်ကြီးဌာနများသို့ ဝင်ရောက် တာဝန်ယူခြင်းမှာ ဆယ်စုနှစ် ၂ ခု ၃ ခုမက ရှိခဲ့ပြီဖြစ်သည်။ ယင်းသို့ အရပ်ဘက် ဌာနများသို့ ဝင်ရောက် တာဝန်ထမ်းဆောင်သူများကို “မိုးကျရွှေကိုယ်” ဟု ခေါ်ဆိုကြသည်။

ယခု မိုးကျရွှေကိုယ်များ မကြာခဏ ပြောင်းရွှေ့လာပြီး ယင်းဌာနမှ ပညာရပ် ကျွမ်းကျင်သူ၊ လုပ်သက်ရှည်ကြာသူ၊ လုပ်ငန်းသဘောကို ကောင်းစွာနားလည်သူများက ရာထူးအမြင့်ပိုင်း ခန့်အပ်ခြင်း မခံရဘဲ တပ်မတော်မှ ပြောင်းလာသူတို့ကသာ ထိပ်ပိုင်းရာထူး ရနေသည့် အဖြစ်ကို ယနေ့ကာလတွင် လက်မခံနိုင်ကြတော့ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ယခုလို ကျန်းမာရေးဌာနမှ ဆရာဝန်များက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်သည့် နောက်ရက်တွင် ပြည်ထောင်စုဝန်ကြီးက နောက်နောင် ယခုလိုပြောင်းရွှေ့ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

ယခုလို ကတိပေးလိုက်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနသို့ တပ်မတော်သား အရာရှိများ နောက်နောင် ပြောင်းရွှေ့အမှုမထမ်းစေဟု ကတိပေးခြင်းကို မဇ္ဈိမက ကြိုဆိုလိုက်ပါသည်။

ယခုလို ကတိမျိုး အခြားသော ဝန်ကြီးဌာနများကလည်း လိုက်လံလုပ်ဆောင်ဖို့ လိုအပ်သည်ဟုလည်း တိုက်တွန်းလိုပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသာမက ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လယ်/ဆည်၊ ဟိုတယ်ခရီးစသည်စသည် ဝန်ကြီးဌာနများသို့လည်း နောက်နောင် မိုးကျရွှေကိုယ်များ ထပ်မံမရောက်ရှိစေဖို့ နိုင်ငံအုပ်ချုပ် သည့် အစိုးရက သတိမူသင့်ပေသည်။

ယခုလို ပြောဆိုခြင်းမှာ တပ်မတော်သားများကို မလိုလား၍ မဟုတ်ပေ။ တပ်မတော် သားများ၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတွင် လုပ်ဆောင်ဖို့ ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ဖို့၊ အခြားသော ဝန်ကြီးဌာနများတွင် စီမံခန့်ခွဲဖို့ မဟုတ်ပေ။ မိမိ ကျွမ်းကျင် ရာ အလုပ်ကို မိမိလုပ်ကိုင်ခြင်းဖြင့် အခြားသော ကျွမ်းကျင်သည့် ပညာရှင်များ ၎င်းတို့နှင့် သက်ဆိုင်ရာဌာနတွင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံအကျိုး လူအများအကျိုး ကို ဆောင်ရွက်နိုင်မည် ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့ တပ်မတော်က နိုင်ငံကာကွယ် ရေး အလုပ်ကိုသာ လုပ်ခြင်းဖြင့်လည်း နိုင်ငံသူ နိုင်ငံသားများ၏ တပ်မတော်အပေါ် အမြင် မကြည်လင်မှုများကို တဖြည်းဖြည်းချင်း လျှော့ချသွားနိုင်မည် ဖြစ်သည်။

ယခုအဖြစ်အပျက်အပေါ် ဒီ့ထက်ပို၍ အဓိပ္ပာယ်ဖွင့်ဆိုကြည့်လျှင် မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ပါဝင်သင့်သည့် အတိုင်းအတာကို ပြန်လည်သုံးသပ်သင့်သည် ဆိုသည့်အတွေး ထိ ရောက်ရှိနိုင်ကြောင်း မဇ္ဈိမက ထောက်ပြရေးသားလိုက်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags