ပေါလ်ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအခြေအနေကို မန်ယူအသင်း စောင့်ကြည်နေ

ပေါလ်ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအခြေအနေကို မန်ယူအသင်း စောင့်ကြည်နေ
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂါနေ့ညက ဘေဆယ်အသင်းနှင့် ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ တံကောင်ကြောဒဏ်ရာလို့ ထင်ရတဲ့ ဒဏ်ရာတစ်ရပ်ရရှိသွားတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာရဲ့ အခြေအနေကို မန်ယူအသင်း စောင့်ကြည်နေတယ်လို့ သိရပါတယ်။

နည်းပြ ဟိုဆေးမော်ရင်ဟိုက ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင်ပေးခဲ့တဲ့ ပေါ့ဂ်ဘာဟာ ဆွစ်ဇလန်ကလပ် ဘေဆယ်နှင့် ရင်ဆိုင်ရာမှာ  ပွဲချိန် ၁၉ မိနစ်ခန့်မှာ ဒဏ်ရာရရှိသွားတာကြောင့် ဖလိုင်နီနဲ့ လူစားလဲခဲ့ပြီး ချိုင်းထောက်ဖြင့် ကွင်းပြင်ကို ထွက်ခွာသွားခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ မတ်လက တံကောင်ကြောဒဏ်ရာရရှိခဲ့ပြီး ၃ ပတ်ကျော် အနားယူခဲ့ပေမယ့် နိုင်ငံတကာပွဲများကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲနှစ်ပွဲသာ လွှဲချော်ခဲ့ပါတယ်။  အဆိုပါလမှာပဲ ပေါ့ဂ်ဘာဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး မန်စီးတီးနှင့် ဒါဘီပွဲကို လွှဲချော်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ အဲဗာတန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး လာမယ့် ၂ပတ်ခွဲအတွင်း ၄ ပွဲကစားရဖို့ ရှိပါတယ်။

မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာ ဘယ်လောက်ကြီးကြီးမားမား ထိခိုက်ခဲ့သလဲဆိုတာကို အတိအကျ မသိဘူးလို့ ပြောဆိုသွားပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဖယ်လေနီ၊ လူကာကူနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ ဘေဆယ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Ref; Manchester Evening News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly