စင်ကာပူတွင် ရွေးကောက်ပွဲ မလိုဘဲ သမ္မတ တင်မြှောက်ရတော့ဖွယ် အဖြစ်ကြောင့် နိုင်ငံသားများ မကျေမချမ်း ဖြစ်နေ

By AFP
12 September 2017
စင်ကာပူတွင် ရွေးကောက်ပွဲ မလိုဘဲ သမ္မတ တင်မြှောက်ရတော့ဖွယ် အဖြစ်ကြောင့် နိုင်ငံသားများ မကျေမချမ်း ဖြစ်နေ

စင်ကာပူ၊ စက်တင်ဘာ ၁၂ ။            ။ စင်ကာပူ ပြည်သူများ အနေဖြင့် နိုင်ငံ၏ ဦးသျှောင်ကို ရွေးကောက်ခွင့် မရှိတော့ဘဲ တင်မြှောက်ရတော့မည့် အခြေအနေ ဆိုက်နေခြင်းကြောင့် စိတ်မကျေမနပ် ဖြစ်ကြလျက်ရှိသည်။

စာရင်းထုတ်ပြန်ချက်အရ သမ္မတအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် သင့်တော်သည့် အရည်အချင်းရှိ ကိုယ်စားလှယ်လောင်းမှာ တစ်ဦးတည်း ရှိတော့ပုံရခြင်းကြောင့် ရွေးကောက်စရာ မလိုဘဲ သမ္မတ တင်မြှောက်တော့ရမည့် အခြေအနေ ဖြစ်သည်။

စင်ကာပူ မြို့ပြနိုင်ငံ၏ အမျိုးသမီး လွှတ်တော် ဥက္ကဌဟောင်းဖြစ်သူ  မွတ်စလင် မလေး လူနည်းစုအသိုင်းအဝိုင်းမှ ဟာလီမက်ရှ် ယာကော့ဘ်က ဂုဏ်ထူးဆောင် သမ္မတရာထူးအတွက် တစ်ဦးတည်းသော အရည်အချင်းမှီ သမ္မတလောင်း ဖြစ်နေသည်။

၎င်းအနေဖြင့် စက်တင်ဘာ ၁၃ ရက်တွင် တရားဝင်အမည်စာရင်း တင်သွင်းဖြစ်ပြီဆိုပါက နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ်သို့ တက်လှမ်းရတော့မည် ဖြစ်သည်။

သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်ရန် တင်းကျပ်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိ၍ အခြားယှဉ်ပြိုင်သူများက ရွေးကောက်ပွဲကော်ရှင်၏ ပယ်ချခြင်း ခံရသဖြင့် အသက် ၆၃ နှစ်အရွယ် ယာကော့ဘ်တစ်ယောက်သာ သမ္မတလောင်းအဖြစ် ရှိနေတော့ခြင်း ဖြစ်သည်။

လူဦးရေ ၅ ဒဿ ၅ သန်း ရှိသော ချမ်းသာသည့် စင်ကာပူနိုင်ငံ၏ ဂူဏ်ထူးဆောင် ရာထူးတစ်ခုဖြစ်သည့် သမ္မတနေရာအတွက် ယှဉ်ပြိုင်လိုသူ ငါးဦးရှိခဲ့သည်။

ထိုငါးဦးအနက် နှစ်ဦးမှာ စင်ကာပူနိုင်ငံ၏ သမ္မတသည် လူနည်းစုမလေးအသိုင်းအဝိုင်းမှ ဖြစ်ရမည်ဆိုသော စံသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ ကျန်မလေးစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးမှာလည်း ၎င်းတို့၏ ကုမ္ပဏီလုပ်ငန်းက အသေးစားများသာ ဖြစ်ခြင်းကြောင့် အရည်အချင်း ပြည့်မီမှု မရှိကြခြင်းပဲ ဖြစ်သည်။

"အဲဒီ စံသတ်မှတ်ချက်တွေ၊ ရွေးကောက်ပွဲတရားမျှတမှု၊ စင်ကာပူရဲ့စံတန်ဖိုး စတာတွေအတွက် စင်ကာပူနိုင်ငံသားတိုင်း စိတ်မကျေမနပ် ဖြစ်ရတယ်။ ဒါတွေက နိုင်ငံရေးပန်းတိုင်ကို ဖော်ဆောင်ရာမှာ တရွတ်ဆွဲနေတာပဲ ဖြစ်တယ်။"ဟု စာရေးဆရာနှင့် နိုင်ငံရေးသုံးသပ်သူ ဆက်ဒ်ဟားသောမတ်စ်က အေအက်ဖ်ပီသို့ ပြောသည်။

ယခု ဖြစ်စဉ်ကြောင့် ဖေ့ဘုတ်ကဲ့သို့သော လူမှုမီဒီယာများတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိနေသည်။

"ဒီမိုကရေစီနိုင်ငံသား တစ်ဦးအနေနဲ့ တကယ်ပဲ ရှက်စရာကောင်းတယ်။"ဟု ဟူစိန်ရှမ်ဆူဒင်ဆိုသူက ရေးသားခဲ့သည်။

လက်ရှိအချိန်အထိ ရွေးကောက်ပွဲ မလိုတော့ဘဲ သမ္မတ တင်မြှောက်ရတော့မည့် အခြေအနေဆိုက်နေခြင်းနှင့် ပတ်သက်ကာ အစိုးရဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly