တပ်ကုန်းမြို့ မြို့မစျေးအတွင်း FDA မှ ရှောင်တခင်စစ်ဆေးရာ စားသုံးရန်မသင့်အရာများ တွေ့ရှိ

တပ်ကုန်းမြို့ မြို့မစျေးအတွင်း FDA မှ ရှောင်တခင်စစ်ဆေးရာ စားသုံးရန်မသင့်အရာများ တွေ့ရှိ

နေပြည်တော်၊ စက်တင်ဘာ ၁၂ ။                ။ နေပြည်တော်၊ တပ်ကုန်းမြို့ ရှိ မြို့မဈေးအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့၊ ယနေ့ မနက်ပိုင်းတွင် FDA မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စားသောက်ကုန် ၉မျိုးတွင်  စားသုံးရန် မသင့်သည့် အရာများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒေါက်တာထွန်းလင်းအောင်(ဒုတိယ ညွှန်ကြားရေးမှူး၊စီမံကိန်းနှင့် စစ်ဆေးရေး ဒုတိယ ဌာနခွဲ ဒက္ခိဏ သီရိခရိုင်နှင့် ဥတ္တရသီရိ ခရိုင်ဦးစီးမှူး) ဦးဆောင်သည့် အဖွဲ့များ စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ အပါဝင် အမျိုးအမည်ပေါင်း ၆၀ ကျော်ကို ဝယ်ယူစစ်ဆေးခဲ့ရာတွင် ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၂၂ မျိုး စစ်ဆေးခဲ့ပြီးနောက်  မုန့်ဖတ်၊ ကွမ်းသီး၊ ငရုတ်သီးမှုန့်အပါအဝင် ၉မျိုးတွင် စားသုံးရန် မသင့်သည့် အရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 “တွေ့တာက မုန့်တီမုန့်ဖတ်၊ ပဲသွေးတို့မှာ ဖော်မလင်တွေ့တယ်။ နောက်ငရုတ်သီးမှုန့်မှာ Ultra Toxin တွေ့တယ်။ ကွမ်းသီးမှာ ချွတ်ဆေးတွေ့တယ် ။ နောက် အသီးအနှံလေးမျိုးကို ပိုးသတ်ဆေး လွန်လွန်မင်းမင်း ဖြန်းထားသလားဆိုတာက Unsaved ထွက်တယ် ။ ဖြန်းထားတာတွေ့တယ်။ ၂၂ မျိုးစစ်ပြီးတဲ့အထိ (၉) မျိုးတွေ့တယ်။ ကောက်တာတွေက အများကြီးပဲလေ၊ ကောက်တာတွေက ခြောက်ဆယ်ကျော်ကောက်ထားတာလေ အဲ့ကျတော့ နောက်ရက်တော့မှ ရုံးရောက်မှ ထပ်စစ်မှာ” ဟု FDA မှ ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးသူများနှင့် အတူ ရွေ့လျားဓာတ်ခွဲခန်းကားဖြင့် စစ်ဆေးခဲ့ပြီး အချို့ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ စားသုံးရန်မသင့်သည့် အစားသောက်များကို တွေ့ရှိပါက “တွေ့ခဲ့ရင် စည်ပင်သာယာကို ကျွန်တော်တို့ အကြောင်းကြားမယ်။ သက်ဆိုင်ရာ ဈေးတာဝန်ခံနေပြီးတော့မှ တာဝန်ယူပြီး ဈေးကွက်ထဲကနေ ရုတ်သိမ်းပေးရမှာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းလင်းအောင်က မီဒီယာများကို ပြောသည်။

၂၀၁၅ ခုနှစ်က စတင်ပြီး ဈေးကွက်ထဲတွင် ဖော်မလင်ပါဝင်သော ပဲပြားကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပဲပြားသာမက အများစု စားသုံးတဲ့ မုန့်ဟင်းခါးဖတ်တွေမှာပါ တွေ့ရှိခဲ့ရသောကြောင့် အစိုးရမှ ၂၀၁၆ ခုနှစ်မှစတင်ပြီး ဖော်မလင်ကင်းစင်ရေး စီမံချက် စတင်ခဲ့သည်။ လက်ရှိတွင် ပဲသွေးတွင် ဖော်မလင်တွေ့ရှိခဲ့ပြီး ၉၅ ရာခိုင်နှုန်းထိ ဖော်မလင်ပါဝင်ကြောင်း FDA မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly