MLM ကုမ္ပဏီများကို စသုံးလုံး ဦးဆောင်စစ်ဆေးနေ

MLM ကုမ္ပဏီများကို စသုံးလုံး ဦးဆောင်စစ်ဆေးနေ

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ။             ။ မြန်မာနိုင်ငံ၌ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့်(MLM) စနစ်ဖြင့်လည်ပတ်နေသည့် ကုမ္ပဏီများကို ယခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးနေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆေးခြင်းကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့၏ တာဝန်ပေးချက်အရ စစ်ဆေးခြင်းဖြစ်ပြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက ခေါင်းဆောင်ကာ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့် စနစ်ဖြင့် ပြုလုပ်နေသည့် ပြည်တွင်းကုမ္ပဏီ (၂) ခုနှင့် ပြည်ပ ကုမ္ပဏီ (၁) ကို ၂၀၀၉ ခုနှစ် နှင့် ၂၀၁၁ ခုနှစ် တို့တွင် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေ ဖြင့် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် အဆိုပါ အရေးပေါ်စီမံမှုအက်ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကဖျက်သိမ်းခဲ့ခြင်းကြောင့်  အဆိုပါ ကုမ္ပဏီများကို အရေးယူနိုင်ရန်  ဥပဒေတစ်ရပ် ပြဌာန်းရန် လိုအပ်နေသေးသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MLM စနစ်သည် ဆင့်ပွားကွန်ရက်ချိတ်ဆက်ပြီး ရောင်းဝယ်သည့် စနစ်ဖြစ်ကာ ရောင်းချသည့် ကုန်ပစ္စည်းအရည်အသွေးထက် ကုန်ပစ္စည်းကို ရောင်းဝယ်မည့် ကိုယ်စားလှယ်အရေအတွက် များများစုဆောင်းလျှင် အကျိုးအမြတ် ပိုမိုရရှိမည် ဆိုသည့် မက်လုံးပေးဆွဲဆောင်သည့် စနစ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags