လက်တင်အမေရိက ဂီတဆုပေးပွဲ၌ ဂုဏ်ထူးဆောင်ဆုရရှိမည့် Despacito သီချင်းပိုင်ရှင် လူဝဇ်ဖွန်စီ

လက်တင်အမေရိက ဂီတဆုပေးပွဲ၌ ဂုဏ်ထူးဆောင်ဆုရရှိမည့် Despacito သီချင်းပိုင်ရှင် လူဝဇ်ဖွန်စီ

 

Billboard ၏အပေါက်ဆုံး သီချင်း ၁၀၀ ဇယား၌ ရက်သတ္တပတ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပြီး အွန်လိုင်း၌ နားထောင်မှုအများဆုံး သီချင်းတစ်ပုဒ်ဖြစ်သည့် Despacito သီချင်း၏ပိုင်ရှင်ဖြစ်သူ ပွေတိုရီကန်အဆိုတော် လူဝဇ်ဖွန်စီအား လာမည့်စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် လက်တင်အမေရိကအမွေအနှစ် ဆုပေးပွဲ (HHA) ၌ Trailblazer ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။

ထိုဆုပေးပွဲကို PBS ရုပ်သံမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဖွန်စီကလည်း ထိုပွဲ၌ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။

“ လက်တင်အမေရိကတိုက်သားတွေဟာ ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုအလီလီဆွတ်ခူးနေကြပြီး ထိုထဲကမှ လူဝဇ်ဖွန်စီကလည်း စံချိန်များစွာတင်ရှိခဲ့တဲ့ သူ့ရဲ့ Despacito သီချင်းနဲ့အတူ ကမ္ဘာတစ်ဝှမ်းအောင်မြင်ခဲ့ပါ တယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းကသိရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ လူဝဇ်ဖွန်စီကို ဂုဏ်ယူ စွာနဲ့Trailblazer ဆု ချီးမြှင့်သွားမှာပါ” ဟု ဆုပေးပွဲကိုကျင်းပမည့် လက်တင်အမေရိကအမွေအနှစ် ထိန်းသိမ်း ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ချုပ်ဖြစ်သူ ဟိုဆေးအန်တိုနီယိုက ပြောခဲ့သည်။

ဖွန်စီသည် လက်တင်ဂီတလောကထဲသို့ သူ၏ပွဲဦးထွက်အယ်လ်ဘမ် “Comenzaré” ဖြင့် ၁၉၉၈ ခုနှစ်က စတင် ဝင်ရောက်လာခဲ့သည်။ သူ၏သီချင်းအများအပြားသည် မက္ကစီကို၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ ပွေတိုရီကို၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား နှင့် ဗဟိုအမေရိကတို့၌ အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့သည်။

ဒါ့အပြင်သူသည် လက်တင်ဂရမ်မီဆု နှင့် Billboard လက်တင်ဆုအပါအဝင် အခြားဆုပေါင်းမြောက်များစွာ ဆွတ်ခူးခဲ့သူဖြစ်သည်။ Despactio သီချင်းကို လူဝဇ်ဖွန်စီနှင့်အတူ အာရီကာအန်ဒါ နှင့် ဒယ်ဒီယန်ကီးတို့က ပူးပေါင်းရေးသားခဲ့ကြပြီး ထိုသီချင်းသည် နွေရာသီပေါက်သီချင်းတစ်ပုဒ်ဖြစ်ခဲ့သလို စံချိန်ပေါင်းများစွာ တင်ရှိနိုင်ခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly