အသည်းကင်ဆာဖြစ်နိုင်သော မှိုများပါဝင်နိုင်၍ ထောက်ခံချက်မပါ ငရုတ်သီးမှုန့်များကို ရောင်းချခွင့်ပိတ်

အသည်းကင်ဆာဖြစ်နိုင်သော မှိုများပါဝင်နိုင်၍ ထောက်ခံချက်မပါ ငရုတ်သီးမှုန့်များကို ရောင်းချခွင့်ပိတ်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊စက်တင်ဘာ၁၂ ။          ။ ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်များတွင် အသည်းကင်ဆာဖြစ်စေနိုင်သော မှိုများပါဝင်နိုင်သောကြောင့် ပြည်သူ့ကျန်းမာရေးအတွက်   နောက်ပိုင်း၌ရောင်းချခွင့်ပိတ်ပင်ထားနိုင်ကြောင်း ရန်ကုန်တိုင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှက ဆိုသည်။

"အတိုင်းအတာတစ်ခုထိတော့ ဆရာမတို့စောင့်နေမှာဖြစ်ပါတယ် အဲဒီအတိုင်းအတာဟာ အကြာကြီးတော့ စောင့်လို့မရဘူး ဖြစ်ပါတယ်။ ထောက်ခံချက်မယူထားတဲ့လုပ်ငန်းတွေ ရောင်းခွင့်မရဘူးဆိုရင် သူတို့ နားရတော့မှာ ဖြစ်ပါတယ်"ဟု FDA ၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှက ပြောသည်။

FDAသည် ၂၀၀၈ခုနှစ်မှစတင်၍ လက်ဖက်၊ ငပိနှင့် ငရုပ်သီးမှုန့်များရှိ ဆိုးဆေးများကို အဓိကစစ်ဆေးခဲ့သည်။ နောက်ပိုင်းတွင် စက်ကိရိယာများ အဆင့်မြှင့်ပြီး ငရုတ်သီးမှိုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ငရုတ်သီးခြောက်တွင် မှိုဆိပ် (Aflatoxin B) ပါဝင်မှုကို ယင်းအဆင့်မှ ပိုမိုသော (Aflatoxin B1) သို့ တိုးမြှင့်လိုက်ရာ မှိုဆိပ်ပါဝင်သော ပြည်တွင်းငရုတ်သီးခြောက်ကုန်ကြမ်းများ အသုံးပြုသော ငရုတ်သီးမှုန့်အမှတ်တံဆိပ်များ စားသုံးရန်မသင့်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ကြေညာခဲ့သည်။

"၂၀၁၆မှာ ငရုတ်သီးတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ၆၀ ရာခိုင်နူန်းမှာ မှိုအဆိပ်ပါနေတာတွေ့ရတာပါ အဲဒီမှိုအဆိပ်က ချက်ရင်လည်း ပျောက်မသွားဘူး။  ပါနေတာလည်း မသိရဘူး ။ ငရုတ်သီး မှိုတက်ရင်တော့ ဆေးပြီးတော့မစားသင့်ဘူး ။ ဒါက ငရုတ်သီးအတောင့်ကို ပြောတာပါ ။ ငရုပ်သီးအမှုန့်မှာ မှိုတက်ရင်တော့ လူတွေက ခဲသွားပြီ အစိုပြန်ပြီဆိုပြီး လွှတ်ပစ်လေ့ရှိကြပါတယ် ။ ဒီဟာတွေလို မှိုကပေါက်လာပြီဆိုရင်လည်း မှိုအဆိပ်ဖြစ်ဖို့က များပါတယ် ။ ချက်လို့မပျောက်ပါဘူး" ဟု FDA မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှက ပြောသည်။

၎င်းမှိုအဆိပ် ပါဝင်သည့် ငရုတ်သီးများသည် ရေရှည်စားသုံးမည်ဆိုပါက အသည်းကင်ဆာကို ဖြစ်ပွားစေသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်မသင့်ဟု ငရုတ်သီးမှုန့်အများစုပါဝင်သော အမှတ်တံဆိပ် ၅၈မျိုးအား ကြေညာခဲ့ပြီး အမည်စာရင်းပါ ငရုတ်သီးမှုန့်များအားလုံး ဈေးကွက်မှ   ပြန်လည် သိမ်းဆည်းစေခဲ့သည်။

FDA ခွင့်ပြုချက် ယူထားတဲ့အမှတ်တံဆိပ်များသည် ငရုတ်သီးမှုန့်များတွင် မှိုအဆိပ်မပါဝင်စေရန် ထိန်းသိမ်းခဲ့ရသည့်အတွက် ထုတ်လုပ်မှု ပမာဏလျော့ကျခဲ့ရပြီး ထောက်ခံချက် မပါရှိသော ငရုတ်သီးမှုန့်များက ဈေးကွက်တွင် နေရာဝင်ယူလာခဲ့ကြကြောင်း ထို့အတွက် ထောက်ခံချက်ရရယူစစ်ဆေးရန် စာများပို့ထားသည်ဟု ဒေါက်တာခင်စောလှက ပြောသည်။

ရေသန့်ကဲ့သို့ ပစ္စည်းများကိစ္စတွင် စက်ရုံသို့ စစ်ဆေးပြီး အရည်အသွေးထိန်းချုပ်နိုင်သော်လည်း ငရုတ်သီးမှုန့်များကို ခူးဆွတ်သည့်အချိန်မှစ၍ အားလုံးပါဝင်ကာ အဆင့်ဆင့် ထိမ်းသိန်းမှသာ မှိုကင်းစင်သည့် ငရုတ်သီးမှုန့်မျိုးရရှိနိုင်သောကြောင့် ပိုအရေးကြီးကြောင်း ဒေါက်တာခင်စောလှထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် လက်ရှိတွင် FDA အသိအမှတ်ပြုရ ငရုတ်သီးမှုန့်လုပ်ငန်း ၁၄ ခုရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ငရုတ်သီးမှုန့်သည် နေ့စဉ်အစားအသောက်တွင် မပါမဖြစ် အသုံးပြုသော စားသောက်ကုန်ပစ္စည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly