ဒေါ်စု ကုလညီလာခံ မတက်ခြင်းအပေါ် သူတို့ရဲ့အမြင်

ဒေါ်စု ကုလညီလာခံ မတက်ခြင်းအပေါ် သူတို့ရဲ့အမြင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်ခဲ့ခြင်းမရှိပဲ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က သွားရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးနောက်ဆက်တွဲ အလားအလာ ဘယ်လိုရှိလာနိုင်လဲ၊ ကမ္ဘာနိုင်ငံရေးဇာတ်ခုံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုဖြစ်သွားနိုင်မလဲ ဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူများကို မဇ္ဈိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမောင်မောင်စိုး( နိုင်ငံရေးလေ့လာသုံးသပ်သူ)

"လောလောဆယ်မှာတော့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေါ့ ၊ OIC နိုင်ငံတွေက ဖိအားပေါ့ အဲ့ဒါတွေ ပြင်းနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မသွားဘဲ ရှောင်လိုက်တာ ကောင်းပါတယ်။ ဒါကို ကျွန်တော်က မှားတယ်လို့ မထင်ပါဘူး။ အခုအချိန်မှာ ထိပ်တိုက်ရင်ဆိုင်လို့တော့ အကျိုးမရှိဘူးလေ။ ကျွန်တော်တို့ဘက်က နိုင်ငံတကာက ဖိအားတွေကို မှန်မှန်ကန်ကန် ပြန်ရင်ဆိုင်ဖို့တော့ အချိန်ယူရမယ်လို့ ထင်ပါတယ်။ တဖက်သတ် ဖိအားပြင်းနေတဲ့အချိန်မှာ  ထိပ်တိုင်ဖြေရှင်းဖို့က တစ်ချို့အချိန်မှာ မကောင်းဘူးဗျ။ နည်းနည်းဖိအားလျော့သွားတဲ့အချိန်ရယ် ၊ ကိုယ်ကလဲ မှန်မှန်ကန်ကန် လက်တွေ့ မောင်တောဒေသမှာ ဖြစ်နေတာတွေ ဖြေရှင်းပြရင်းနဲ့ ဖြေရှင်းတာ ပိုကောင်းမယ် ထင်ပါတယ်"

ဦးရန်ကျော်( နိုင်ငံရေးလေ့လာသုံးသပ်သူ)

"သူ့ဆီက စကားတစ်ခွန်းကိုတော့ ကုလသမဂ္ဂအဖွဲ့ဝင် အစ္စလာမ်မစ် နိုင်ငံတွေနဲ့ အနောက်ဥရောပ နိုင်ငံတွေက တိုက်ရိုက် တွေ့ဆုံ ပြီးတော့ ကြားချင်ပုံတော့ ရပါတယ်။ အခု မသွားဖြစ်တော့ဘူးဆိုတော့ အထူးသဖြင့် OIC လိုအဖွဲ့မျိုးက စောင့်မျှော် နေတဲ့မေးခွန်းတွေ မေးဖို့ ဖြေဆိုဖို့ ညှိနှိုင်းဖို့ ဟိုဘက်မှာတော့ အခွင့်အရေးမရတော့ဘူးပေါ့။ ဒီဘက်မှာကလဲ သူသွား လိုက်ရင် သူပြောလိုက်တဲ့ စကားတစ်ခွန်းပေါ်မှာ မှားခြင်းမှန်ခြင်းအားလုံးကို သူတာဝန်ယူပြီး ဖြေရတော့မယ်။ ဒီကိစ္စကို ဖြည့်ပြီး ကာပြီးတော့ ပြောပေးမယ့်လူ ကျွန်တော်တို့ဘက်မှာ မရှိတော့ဘူး။ သူ့အစား ဒုသမ္မတ ဟင်နရီဗန်ထီးယူကို လွှတ်လိုက်တာက ဒုသမ္မတပြောလိုက်တဲ့စကားမှာ တစ်စုံတရာများ အမှားအယွင်းရှိခဲ့ရင် သူ့အနေနဲ့ ဘေးကနေ ဖာဖာထေးထေး ဖြည့်ဖြည့်တင်းတင်းနဲ့ ပြောလို့ရနိုင်တယ်။ ဒီတစ်ချက်နဲ့ သူမသွားဘူးလို့ တွက်ဆမိတယ်"

ဒေါက်တာအေးမောင်(ရခိုင်အမျိုးသားပါတီ ဥက္ကဌ)

"ကောင်းပါတယ် မသွားတာ ကောင်းတယ်။မသွားတာကို ကျွန်တော်တို့ သဘောပေါက်တယ်။ ဘာကြောင့်လဲဆို သူ့ဘက်က ပြင်ဆင်ချိန် လိုတယ်လေ။ လက်ရှိ ဘူးသီးတောင် မောင်တောနဲ့ ပတ်သက်တဲ့ ကဏ္ဍလေးတွေ လက်ရှိဖြစ်ပျက်နေတဲ့ ကဏ္ဍအားလုံးကို ခြုံငုံနိုင်တဲ့ ပြင်ဆင်မှုပေါ့ဗျာ ကျွန်တော်တို့ဒေသရဲ့ ပြန်လည်တည်ငြိမ်ရေး ပြင်ဆင်မှုပေါ့။ နောက် နိုင်ငံတကာက မေးလာမယ့်မေးခွန်းတွေအတွက်ပြင်ဆင်မှုပေါ့ဗျာ လုံလောက်မှုမရှိဘူးခင်ဗျ။ အဲ့ဒီအတွက် သူရှောင်တာကောင်းတယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ အခုလို ပွက်လောညံနေတဲ့အချိန်မှာ အများအားဖြင့် ကမ္ဘာမြင်ကွင်းက ခဏရှောင်နေတတ်တာများတယ်။ လုံလောက်တဲ့အချိန် ပြင်ဆင်ချိန်ရမှပဲ သူထွက်လာကောင်း ထွက်လာမှာပါ"

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly