Myanmar Global Investment Forum 2017 နေပြည်တော်တွင် ကျင်းပ

Myanmar Global Investment Forum 2017 နေပြည်တော်တွင် ကျင်းပ
ဖိုရမ်ဖွင့်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum 2017 ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် စက်တင်ဘာ ၁၂ရက်က စတင်ကျင်းပလျက် ရှိသည်။

နှစ်ရက်ကြာ ကျင်းပမည့် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် Euromoney Institutional Investor (Asia)မှ Chief Executive Officer, Mr. Tony Shale တို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ စီပွားရေးအခြေအနေ ရှုမြင်သုံးသပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပေါင်းစပ်မှု အခြေအနေများ၊ အခြေခံအဆောက်အဦများနှင့် စပ်လျဉ်း၍ စိန်ခေါ်မှုများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မှု အခြေအနေများနှင့် ခရီးသွားကဏ္ဍ တိုးတက်လာစေရေးအတွက် ဆောင်ရွက်မှု အခြေအနေများ စသည့် ခေါင်းစဉ်များဖြင့် ပညာရှင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးကြသည်။

ဒုတိယနေ့ အစီအစဉ်များကိုမူ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၁၃ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

ယနေ့ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်းအရာရှိများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ မီဒီယာများ စုစုပေါင်း လူဦးရေ (၁၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly