ဉာဏ်ရည်မသန်စွမ်းကလေးများကို စနစ်တကျပျိုးထောင်ပေးရန် တိုင်းနှင့်ပြည်နယ်များတွင် သင်တန်းများ ဖွင့်မည်

ဉာဏ်ရည်မသန်စွမ်းကလေးများကို စနစ်တကျပျိုးထောင်ပေးရန် တိုင်းနှင့်ပြည်နယ်များတွင် သင်တန်းများ ဖွင့်မည်

 

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။         ။ မြန်မာနိုင်ငံရှိ ဉာဏ်ရည်မသန်စွမ်းကလေးများကို စနစ်တကျပျိုးထောင်ပေးရန်အတွက် တိုင်းနှင့်ပြည်နယ် အချို့တွင် လာမည့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အခြေခံဆရာဖြစ်သင်တန်းများ ပို့ချသွားမည်ဟု မြန်မာနိုင်ငံအထူးပညာရေးအသင်းမှ ဦးအယ်လ်ဇော်ဒိမ်က ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းပြီး လာမည့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ ထားဝယ်၊ စစ်တွေ၊ မကွေး၊ ဟားခါး၊ ပုသိမ်၊ လားရှိုး၊ ပြည်၊ ကလေးမြို့ တို့တွင် သင်တန်းကာလ ၄ ရက်ဖြင့်  မြန်မာနိုင်ငံအထူးပညာရေးအသင်းမှ သင်ကြားပေးသွားမည် ဖြစ်သည်။

ဉာဏ်ရည်မသန်စွမ်းကလေးများကို စနစ်တကျပျိုးထောင်ပေးသော ကျောင်းများ တိုင်းနှင့်ပြည်နယ်များတွင် မရှိသလောက် နည်းပါးပြီး ရန်ကုန်မြို့တွင် ကျောင်း ၃၅ ကျောင်းခန့်သာရှိကြောင်း   မြန်မာနိုင်ငံအထူးပညာရေး အသင်းမှ ဦးအယ်လ်ဇော်ဒိမ်က ပြောသည်။

အဆိုပါ ကလေးများသည် ဂရုတစိုက်ပြုစုပျိုးထောင်ရန် လိုအပ်ပြီး နည်းပညာဆိုင်ရာ အကူအညီများလည်း လိုအပ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင် ၃၅ ကျောင်းခန့်သာရှိပြီး ကျွမ်းကျင် ဆရာ/ဆရာမ ဦးရေ ၅၀၀ ခန့်သာရှိကြောင်း အဆိုပါအသင်းမှ လေ့လာတွေ့ရှိထားသည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ခံရရှိထားသော သန်းခေါင်စာရင်းအရ ဉာဏ်ရည်မသန်စွမ်းကလေးများသည် ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

“ ကလေးဆိုတာက နဂိုကတည်းက အရမ်းဂရုစိုက်ရတယ်။ ဒီလို ကလေးမျိုးဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုတာပေါ့” ဟု ကလေးမိဘတစ်ဦးက သူ့အမြင်ကို ပြောသည်။

သင်တန်းကို University of Wolverhampton (UK) မှ နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး စိတ်ဝင်စားသော မိဘများ၊ ဆရာများအနေဖြင့် ဦးအယ်လ်ဇော်ဒိမ် ( မြန်မာနိုင်ငံဆိုင်ရာ သင်တန်းညှိနှိုင်းရေးမှူး)၊ ဖုန်း ၀၉ ၉၇၄၉၅၂၇၅၇၊ ၀၉ ၂၅၂ ၆၂၀၆၀၊ အီးမေးလ် [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly