ARSA အကြမ်းဖက်သမား ၆ ဦးကို ဘင်္ဂါလီရွာသားများက ဖမ်းဆီး

ARSA အကြမ်းဖက်သမား ၆ ဦးကို ဘင်္ဂါလီရွာသားများက ဖမ်းဆီး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ။                  ။ မောင်တောမြို့နယ် ကညင်တန်းကျေးရွာအတွင်း၌ ARSA အကြမ်းဖက်သမား ၆ ဦးကို ရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များဆီ လာရောက်အပ်နှံခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် ကညင်တန်းကျေးရွာအတွင်းကို အကြမ်းဖက်သမား ၆ ဦးသည် တုတ် ၊ ဓါး ၊ လေးခွများ ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ ကျေးရွာအတွင်းရှိ အသက် ၂၄ နှစ် အရွယ် ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၊ ယင်းသို့ ပြုမှုပုံကို ကျေးရွာအတွင်းမှ ဘင်္ဂါလီရွာသားအချင်းချင်းက လက်ခံခြင်းမရှိဘဲ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများသည် ရသေ့တောင်မြို့နယ်အတွင်းရှိ နီးလင်းဘော် ကျေးရွာနေ မော်ဂိုလာမောက် ၊ ဘော်ရှီးအူလ္လာ ၊ အတာဟူရာမန် ၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် ၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ ၊ပေါက်ပင်ရင်း ကျေးရွာနေ ကေပါ ယာဒ်အူလ္လာ တို့  ဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓါး ၄ ခေါင်း ၊ လေးခွ ၁ လက် တို့ပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် ယခင်ကလည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဝန်ထမ်းများနှင့် အစိုးရနှင့်နီးစပ်သည်ဟု သံသယရှိသည့် ဒေသခံများကို သတ်ဖြတ်လေ့ရှိသည်။

ရခိုင်ပြည်နယ်မောင်တောဒေသ၌ တိုက်ခိုက်မှုဖြစ်စဉ် စတင်ခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့ မှ စက်တင်ဘာ ၈ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် အယောက် (၅၀) အထိ ဖမ်းမိထားပြီး အဆိုပါ ဖမ်းမိထားသည့်သူများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည် အစိုးရက စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly