မာနေး၏အနီကတ်အတွက် လီဗာပူးလ်အသင်း အယူခံဝင်သွားမည်

မာနေး၏အနီကတ်အတွက် လီဗာပူးလ်အသင်း အယူခံဝင်သွားမည်

 

စက်တင်ဘာ ၁၂၊ အင်္ဂလန် ။                ။ မန်စီးတီးနှင့်ပွဲမှ အနီကတ်ကြောင့် ၃ ပွဲပယ်ခံထားရသည့် တိုက်စစ်မှူးမာနေးအတွက် လီဗာပူးလ်အသင်းက အယူခံဝင်သွားမည် ဖြစ်သည်။

မာနေးသည် ထိုပွဲစဉ်တွင် ပွဲချိန် ၃၇ မိနစ်၌ မန်စီးတီးဂိုးသမားအီဒါဆင်၏မျက်နှာကို ကန်မိခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

မာနေးသည် ယခုနှစ်ရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၄ ပွဲတွင် ၃ ဂိုးသွင်းပြီးခြေစွမ်းပြနေသူ ဖြစ်သည်။ သြဂုတ်လအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိထားသူလည်း ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်အသင်းက မာနေး၏ပြစ်ဒဏ်အတွက် တစ်ပွဲ သို့မဟုတ် နှစ်ပွဲ လျှော့ချနိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။

မန်စီးတီးနှင့်ပွဲစဉ်အပြီး အင်တာဗျူးတွင်မူ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့က အယူခံဝင်ရန် မသေချာကြောင်း ပြောခဲ့သော်လည်း အသင်းဘက်က အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အယူခံဝင်တာကို ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ဒါက အချိန်ဖြန်းတာ သက်သက်ပါပဲ။ ဒါပေမဲ့လီဗာပူးလ်အသင်းကတော့ အယူခံဝင်မလား မသိပါဘူး။ မာနေးက ဂိုးသမားကို မမြင်ဘူးဆိုတာ အားလုံးသိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မာနေးအရမ်းကို တုန်လှုပ်သွားခဲ့ပါတယ်။ မန်စီးတီးဂိုးသမား အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပါတယ်” ဟု ကလော့ပ်က ဆိုသည်။

လက်ရှိတွင် မာနေးသည် လာမည့် ဘန်လေနှင့်ပွဲကို လွဲချော်မည်ဖြစ်သလို လက်စတာသို့သွားရောက်ကစားရမည့် လိဂ်ရှုံးထွက်ပွဲစဉ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။

ရည်ညွန်း စကိုင်းစပေါ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly