၉/၁၁ အောက်မေ့ဖွယ်အခမ်းအနား၌ အကြမ်းဖက်သမားများကို သတိပေးခဲ့သည့် ဒေါ်နယ်ထရမ့်

၉/၁၁ အောက်မေ့ဖွယ်အခမ်းအနား၌ အကြမ်းဖက်သမားများကို သတိပေးခဲ့သည့် ဒေါ်နယ်ထရမ့်

 

ဝါရှင်တန်၊ စက်တင်ဘာ ၁၂ ။                     ။ လွန်ခဲ့သော ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်နှင့် ဝါရှင်တန်တို့၌ အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးသွားခဲ့ရသော ပြည်သူများအတွက် ရည်စူးကာ တနင်္လာနေ့က ပင်တဂွန်စစ်ဌာနချုပ်၌ ကျင်းပခဲ့သည့် ၉/၁၁ အောက်မေ့ဖွယ်အခမ်းအနား၌ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အကြမ်းဖက်သမားများကို ရည်ရွယ်ပြီး သတိပေးစကား ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်လို့မရပါဘူး။ ကျုပ်တို့ရဲ့ သတ္တိသွေးကို လာစမ်းသပ်ရဲတဲ့ မည်သည့် ရန်သူမဆို ကျုပ်တို့နှိမ်နင်းလိုက်တဲ့ ရန်သူစာရင်းထဲကို အလိုလိုရောက်သွားမှာပါ” ဟု နယူးယောက်ဇာတိသား ဖြစ်သူ ဒေါ်နယ်ထရမ့်က ပင်တဂွန်ဌာနချုပ်၌ ပြုလုပ်ခဲ့သော အခမ်းအနား၌ အကျဉ်းချုံးမိန့်ခွန်း ပြောခဲ့သည်။

“အမေရိကန်ပြည်ထောင်စုကြီး စည်းလုံးညီညွတ်နေတဲ့အခါမှာ ဒီကမ္ဘာမြေက မည်သည့်အင်အားကမဆို ကျုပ်တို့ပြိုကွဲသွားအောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး” ဟု ၉/၁၁ တိုက်ခိုက်ခံရမှု ၁၆ နှစ်ပြည့်မြောက်သည့် အနေဖြင့် ကျင်းပသော အခမ်းအနား၌ ထရမ့်က ပြောခဲ့သည်။

ဒါ့အပြင်သူက အဆိုပါကြမ္မာဆိုးဝင်သည့်နေ့ရက်ကို သူတို့၏နိုင်ငံတော်မှတ်တမ်းထဲ၌ အမြဲတမ်းထည့်မှတ် သွားတော့မည်ဖြစ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အပြစ်မဲ့သောအရပ်သားများကို မလိုအပ်ဘဲ သေဆုံးစေခဲ့ ကြောင်း ပြောဆိုခဲ့သည်။

“ယနေ့မှာ ကျုပ်တို့တစ်နိုင်ငံလုံးဟာ လွန်ခဲ့သော ၁၆ နှစ်က အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့တဲ့ အပြစ်မဲ့ပြည်သူ ၂၉၇၇ ယောက်အတွက် ကျန်ရစ်သူမိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ထရမ့်သည် ဟာရီကိန်းမုန်တိုင်းအာမာကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် ထောက်ပံ့ကူညီပေးရန်အတွက် ကိုလည်း မိန့်ခွန်းထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ အာမာမုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်မြောက်ပိုင်း၌ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သလို မကြာသေးခင်က တိုက်ခတ်ခဲ့သော ဟာဗေးမုန်တိုင်းကြောင့် တက္ကဆက်နှင့် လူဝီစီယားနားပြည်နယ်တို့၌လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်သို့ မရောက်ရှိခင်တွင် ဒေါ်နယ်ထရမ့်နှင့်သူ၏ဇနီးသည် မီလန်နီယာထရမ့်တို့သည် အိမ်ဖြူတော်ရှိ မြက်ခင်းပြင်ပေါ်၌ ၉/၁၁ အဖြစ်အပျက်အတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသူများအား   အောက်မေ့သတိရ သည့်အနေဖြင့် ငြိမ်သက်စွာဂုဏ်ပြုပေးသော အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly