လမ်းဘေးစျေးသည်များကို အစားအသောက်သန့်ရှင်းရေး FDA သင်တန်းပေးခဲ့

လမ်းဘေးစျေးသည်များကို အစားအသောက်သန့်ရှင်းရေး FDA သင်တန်းပေးခဲ့

ရန်ကုန်၊စက်တင်ဘာ ၁၂ ။                 ။ လမ်းဘေးညဈေးတန်းရှိဈေးသည်များအား အစားအသောက်သန့်ရှင်းရေး သင်တန်း ပေးခဲ့သည်ဟု ရန်ကုန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက မဇ္ဈိမကို ပြောသည်။

"လောလောဆယ်တော့ ဒီလမ်းဘေးဈေးသည်ပေ့ါနော် ရန်ကုန်မြို့အနေနဲ့ပြောရင် YCDC က ဦးဆောင်ပြီး လုပ်နေပါတယ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ အဆင့်မီ ဟောကန်စင်တာဆိုပြီး ရန်ကုန်မြို့မှာ လုပ်ဖို့ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ကမ်းနားလမ်းတွေမှာချထားပြီးတော့ နေရာအခက်အခဲတွေအနေနဲ့ ထပ်ရွေ့ဖို့ရှိပါတယ် ။ အဲဒီမှာ အစားအသောက် ရောင်းချသူအားလုံးကို သင်တန်းခေါ်ပေးပါတယ်။ မအောင်မြင်သေးပါဘူး"ဟု ရန်ကုန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှ က ပြောသည်။

အဆိုပါသင်တန်းကို တစ်ရက်လျှင် ၂ နာရီနှုန်းဖြင့် တစ်ပတ် အခမဲ့ခေါ်ယူသင်ကြားပေးခြင်းဖြစ်သည်။  

"အဲဒီမှာချထားတဲ့ဈေးသည်တွေအားလုံးက ပထမပိုင်းမှာတော့လာတက်ကြတယ် နောက်ပိုင်းကျတော့ သူတို့ရဲ့ဈေးရောင်းချိန်ကို အနှောက်အယှက်ဖြစ်ကြတယ်ဆိုပြီး မတက်ဘဲနေတော့ ဆရာမတို့အနေနဲ့ ယာယီနားထားရတယ်"ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ဆိုသည်။

နောက်ပိုင်းတွင် အစားအသောက်ရောင်းချမည့်ဈေးဆိုင်များအနေဖြင့် အစားအသောက်သန့်ရှင်းရေး မသိမနေရ လက်မှတ်ရရှိထားမှ ရောင်းချနိုင်မည်ဆိုသည့် ပုံစံမျိုးဖြစ်စေရန် လိုအပ်သည့်အချက်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောပြသည်။

အဆိုပါဈေးဆိုင်တန်းများသည် စနစ်တကျပြုလုပ်ထားသည့် အစားအသောက်ဆိုင် ဖြစ်သည့်အတွက် ပိုမို အန္တရာယ်ကင်းရှင်းသည့် အစားအသောက်ရရှိစေရန် ပြည်သူ့ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည် ဟု ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ကမ်းနားလမ်းညဈေးတန်းတစ်ခု ရှိပြီး ၅၂ လမ်း ၌လည်း ဈေးတန်းအသစ် တစ်ခု ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly