အာဏာရှင် မားကို့စ်၏ နှစ်တစ်ရာပြည့် မွေးနေ့ပွဲအား ဖိလစ်ပိုင် ပြည်သူရာပေါင်းများစွာ ဆန္ဒပြ

By AFP
12 September 2017
အာဏာရှင် မားကို့စ်၏ နှစ်တစ်ရာပြည့် မွေးနေ့ပွဲအား ဖိလစ်ပိုင် ပြည်သူရာပေါင်းများစွာ ဆန္ဒပြ

 

မနီလာ၊ စက်တင်ဘာ ၁၂ ။        ။ ဖိလစ်ပိုင်နိုင်ငံ၏ သူရဲကောင်းဂူဗိမာန်တွင် စက်တင်ဘာ ၁၁ ရက်က အာဏာရှင်မားကို့စ်၏ နှစ်တစ်ရာပြည့် မွေးနေ့ပွဲအား မိသားစုဝင်များက ကျင်းပြခြင်းကို တားမြစ်ရန် ကြိုးစားကြသည့် ဆန္ဒပြသူ ရာပေါင်းများစွာကို အဓိကရုဏ်းနှိမ်နင်းရေးရဲက ပိတ်ဆို့ထားခဲ့ရသည်။

ဆယ်စုနှစ် သုံးစုကြာ တိုင်းပြည်အား အုပ်ချုပ်ခဲ့သည့် မားကို့စ်အစိုးရကို သွေးထွက်သံယိုမရှိသော “ပြည်သူ့အင်အား” တော်လှန်ရေးဖြင့် ဖြုတ်ချခဲ့ကြခြင်းဖြစ်သည်။ မားကို့စ်၏ မိသားစုများက သြဇာရှိသည့် နိုင်ငံရေးရာထူးများကို ဆက်လက်ရယူထားဆဲဖြစ်ပြီး မိသားစု၏ ရင်းနှီးသော မိတ်ဆွေ သမ္မတ ဒူတာတေး အကူအညီဖြင့် မားကို့စ် ထားရစ်သည့် အမွေအနှစ်များ   နိုင်ငံသို့ ပြန်လည်ပေးအပ်ရေး လုပ်ဆောင်နေချိန်လည်း ဖြစ်သည်။

မားကို့စ်၏ ရုပ်အလောင်းကို ကျဆုံးစစ်သည်တော်များနှင့် သမ္မတဟောင်းများအား ဂူသွင်းထားရှိရာ သူရဲကောင်းဗိမာန်တွင် ဂူသွင်းမြုပ်နှံခွင့်အား ပြီးခဲ့သည့်နှစ်က သမ္မတ ဒူတာတေးက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဒူတာတေးသည် မားကို့စ်၏ ဇာတိပြည်နယ်တွင် ၎င်း၏ မွေးနေ့ စက်တင်ဘာ ၁၁ ရက်၌ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိကြောင်း ကြေညာခဲ့သည်။

“မားကို့စ်ရဲ့ မွေးနေ့ပွဲကို ကျင်းပတာ ကျွန်မဖေဖေကို ထပ်ပြီး စော်ကားသလို ခံစားရတယ်။”ဟု ဂူဗိမာန်အဝ ဆန္ဒပြလူအုပ်တွင် ပါဝင်သည့် အမ်မီရာက ပြောသည်။ ယခု ဆန္ဒပြအင်အားမှာ ၅၀၀ နီးပါး ရှိသည်ဟု ရဲက ခန့်မှန်းသည်။

အမ်မီရာ၏ အဖေဖြစ်သူသည် စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံအား ရှစ်နှစ်ကျော်ကြာ အုပ်ချုပ်နေသော မားကို့စ်လက်ထက် ၁၉၇၀ ခုနှစ် အစောပိုင်းကာလများက ညမထွက်ရ အမိန့်ဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရခြင်းဖြစ်သည်။ တစ်လတာ ထောင်ကျပြီး ပြန်အလွတ်တွင် မကျန်းမမာဖြစ်ပြီး အချိန်တိုအတွင်း ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း အမ်မီရာက ပြောသည်။

မားကို့စ်၏ အုတ်ဂူရှိရာ သွားလမ်းကို အဓိကရုဏ်းနှိမ်းနင်းရေး ရဲအင်အား ၃၀၀ နီးပါးက ပိတ်ဆို့ထားပြီး အဆိုပါ သူရဲကောင်းဗိမာန်အတွင်း မြေပြင်ကွက်လပ်တွင် မားကို့စ်မွေးနေ့ကို မိသားစုဝင်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းတို့က ကျင်းပခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly