ကတ်တလန်ဒေသလွတ်လပ်ရေးအတွက် လူပေါင်းမြောက်မြားစွာ ချီတက်စုရုံး

By AFP
12 September 2017
ကတ်တလန်ဒေသလွတ်လပ်ရေးအတွက် လူပေါင်းမြောက်မြားစွာ ချီတက်စုရုံး

 

ဘာစီလိုနာ၊ စပိန် ၊ စက်တင်ဘာ ၁၂ ။             ။ ကတ်တလန်ဒေသမှ လူပေါင်းမြောက်မြားစွာသည် စပိန်နိုင်ငံလက်အောက်မှ ၎င်းတို့ဒေသခွဲထွက်နိုင်ရေး အတွက် တနင်္လာနေ့တွင် ချီတက်စုရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မက်ဒရစ်အစိုးရမှ တားမြစ်ပိတ်ပင်ထားသည့် လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပမီ သုံးပတ်အလိုတွင် ကတ်တလန်ပြည်သူများသည် ယခုလိုစုရုံးကာ အင်အားပြသခဲ့ခြင်းဖြစ်သည်။

အနီရောင်၊အဝါရောင်နှင့် အပြာရောင်တို့ ခြယ်သထားသော ကတ်တလန်အလံများနှင့် “နှုတ်ဆက်ပါတယ် စပိန်” ဟု ရေးသားထားသော စာတန်းများကို ကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဘာစီလိုနာမြို့အလယ်ပိုင်း တစ်လျှောက် ချီတက်ခဲ့ကြသည်။

“အကယ်၍ ဆော်သြစည်းရုံးမှု အကြီးကြီးတစ်ခုကို ပြုလုပ်မယ်ဆိုရင် သူတို့မက်ဒရစ်မြို့မှာ ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး” ဟု အသက် ၂၁နှစ်အရွယ် စီးပွားရေးကျောင်းသား   ဂျော်ဒီကာလာတာယွတ်ဒ်က အောက်တိုဘာ လ ၁ ရက်နေ့တွင် ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုကိုရည်ညွှန်းကာ ပြောဆိုခဲ့သည်။

“ကတ်တလန်ပြည်သူတွေဟာ လွတ်လပ်ရေး အမှန်တကယ်ရရှိအောင် ကြိုးစားကြမှာပါ။ ကျနော်တို့အင်အား အများကြီးရှိမယ်ဆိုရင် သူတို့ကျနော်တို့ကို တားဆီးလို့မရပါဘူး” ဟု သူက ဆက်ပြောခဲ့သည်။

အဆိုပါချီတက်စုရုံးပွဲသို့ လူပေါင်းတစ်သန်းဝန်းကျင် တက်ရောက်ခဲ့ကြကြောင်း ဘာစီလိုနာရဲတစ်ဦးက သူ၏ တွစ်တာ၌ ရေးသားခဲ့သည်။ သို့သော် ဗဟိုအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက လူပေါင်း ၃သိန်းခွဲ ခန့်သာ တက်ရောက်ခဲ့ကြကြောင်း ပြောဆိုခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်မှု ပြုလုပ်သည့်နေ့သည့် ကတ်တလန်အမျိုးသားနေ့နှင့်လည်း တိုက်ဆိုင်သွားခဲ့သည်။ လွန်ခဲ့သော ၂၀၁၂ခုနှစ်ကတည်းကစတင်ပြီး ခွဲထွက်ရေးသမားများသည်   ပြည်နယ်လွတ်လပ်ရေး တောင်းဆိုရန် အတွက် ထိုအားလပ်ရက်နေ့ကိုအသုံးချကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်လေ့ရှိသည်။

“ကတ်တလန်ပြည်သူတွေဟာ ခွဲထွက်ရေးအတွက် မဲခွဲဆုံးဖြတ်ချင်ကြတယ်ဆိုတာကို သူတို့နားလည်သွား အောင် ကျနော်တို့ ဘာများထပ်လုပ်ရဦးမှာလဲ” ဟု လွတ်လပ်ရေးကြိုးပမ်းနေသည့်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကားလက်စ်ပွတ်ဒီမွန့်က သတင်းထောက်များကို ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags