ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများတာ၊ တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့အစားအစာတချို့ကြောင့်   ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ်အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တကိုယ်ရည်သန့်ရှင်းမှုနည်းပါးတာဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေလို အစားအစာတွေစားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။

လူတစ်ယောက်ဆီကနေထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက   ဆေးပညာလောကမှာ   ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀ လောက်က ရှေးခေတ်ဂရိလူမျိုးနဲ့ တရုတ်လူမျိုးတွေက တီဘီရောဂါလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးသိရှိနိုင်ဖို့ အနံ့ခံအာရုံကို အသုံးပြခဲ့ကြပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်နံ့ဟာ (အရေပြားကထွက်တဲ့ချွေးတင်မကဘဲ ခံတွင်းနံ့၊သွေး၊ ဆီးနဲ့တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ကျန်းမာရေးအခြေအနေကို   ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကိုအတိုင်းအတာတစ်ခုအထိ ရှာဖွေပေးနိုင်ပါတယ်။

ချွေးနံ့က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ

ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်းပြောင်းလဲမှုတွေဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုးထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံံ့အမျိုးမျိုး ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ အနံ့နဲ့ကိုယ်ခံအားလှုပ်ရှားမှုကြားဆက်နွှယ်မှုဟာ cytokine ပမာဏများနေတာနဲ့ အတိုင်းအတာတစ်ခုလောက်အထိဆက်နွှယ်နေတယ်လို့ ဆွီဒင်သုတေသနတစ်ခုကပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ ကိုယ်ခံအားတုံ့ပြန်မှုကပိုများလေ ခန္ဓာကိုယ်အနံ့ကပြင်းလေ ဖြစ်ပါတယ်။

ဘာရောဂါတွေရှိနေနိုင်သလဲ

ချွေးနံ့က ရောဂါအခံတွေရဲ့လက္ခဏာရပ်တစ်ခုဖြစ်နေနိုင်သလို တချို့သောရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တမျိုးစီတောင်ရှိနေတတ်ပါတယ်။ ဥပမာ – Scrofula ဆိုတဲ့ တီဘီရောဂါတစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ရှိတတ်ပါတယ်။ Yellow fever ရောဂါ ကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။

ချွေးနံ့ဆိုးထွက်ရတဲ့ နောက်ခံအကြောင်းရင်းတချို့ကတော့ –

စိတ်ဖိစီးမှုများနေခြင်း

စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ်အနံ့ပိုထွက်စေနိုင်တာဘာ့ကြောင့်လဲဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ ချွေးဂလင်းက ecrrine နဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ဂလင်းဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေကပ်တွယ်ဖို့ လည်းအရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။

ကျောက်ကပ်နဲ့အသည်းလုပ်ဆောင်ချက်ပျက်ယွင်းခြင်း

သင့်မှာကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက်မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ကျောက်ကပ်နဲ့အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကိုယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်းနဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေများလာပြီး အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်။ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်လွန်ကဲခြင်းကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်ကလွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက်ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ကိုယ်နံ့ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။

ဆီးချိုရောဂါ

ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။ ketoacidosis ဟာဆိုးရွားတဲ့ဆီးချိုအဆိပ်တက်ရောဂါတစ်မျိုးဖြစ်ပြီး ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။

ချွေးနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲ

ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်မှာ ချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင် ချွေးနံ့ပျောက်ဆေး၊ဘော်ဒီစပရေးနဲ့ ရေမွှေးတွေသုံးကြပါတယ်။

သန့်ရှင်းအောင်နေပါ

ချွေးထွက်များပြီး  ဘက်တီးရီးယားတွေရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ်ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။

မုန့်ဖုတ်ဆိုဒါ

အလွန်အကျွံချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကို ချွေးနံ့ပျောက်ဆေးလိုအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကိုသေစေပါတယ်။

ဗီနီဂါ

ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါအနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။

ကျောက်ချဉ်

ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာလိမ်းပေးပါ။ ချွေးနံ့ပျောက်စေပါတယ်။

ပန်းသီးရှာလကာရည်

Apple cider vinegar က အရေပြား PH အဆင့်ကိုလျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲသုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်ပါတယ်။

ကလေးပေါင်ဒါ

ချွေးထွက်များတဲ့နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။

ရေနဲ့သံပရာရည်

ရေများများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာအဆိပ်အတောက်ဓာတ်တွေဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။

အသီးအနှံနဲ့ အရွက်

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကိုစားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည်လုပ်သောက်တာလည်း ကောင်းပါတယ်။

ရှောင်ရှားသင့်တဲ့အရာများ

အသား၊ အဆီ၊နို့ထွက်ပစ္စည်း၊ ချောကလက်၊သကြားတို့အပြင် အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကိုရှောင်သင့်ပါတယ်။

ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုးကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ထုတ်ပေးတာကြောင့် ချွေးပါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက်ကောင်းပါတယ်။

အနံ့ဆိုးပျောက်ဖို့ အကောင်းဆုံးနည်းလမ်းက ကျန်းမာရေးအတွက်မကောင်းတဲ့ ချွေးနံ့ပျောက်ဆေးတွေနဲ့ ဖုံးကွယ်ထားဖို့မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့အတွင်းရောအပြင်မှာပါ သန့်စင်အောင်လုပ်ပါ။ ဆိုရရင် သင့်ချွေးနံ့က ဆိုးရွားလှတဲ့ အခြေအနေဖြစ်နေပြီဆို ကိုယ်စားတဲ့အစားအသောက် အနေအထိုင်ကို   ပြန်ထိန်းညှိဖို့လိုနေပြီဆိုတာ ပြနေတဲ့သဘောဖြစ်ပါတယ်။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly