တောင်တွင်းကြီး၌ ဘာသာ​ပေါင်​းစုံအစည်​းအ​ဝေးပြီး ​ဆိုင်​ခန်​းများကို လိုက်​လံဖျက်​ဆီးမှုဖြစ်​

တောင်တွင်းကြီး၌ ဘာသာ​ပေါင်​းစုံအစည်​းအ​ဝေးပြီး ​ဆိုင်​ခန်​းများကို လိုက်​လံဖျက်​ဆီးမှုဖြစ်​
ဓာတ်ပုံ- တောင်တွင်းကြီးမြို့ ည ၈ နာရီခန့်မြင်ကွင်း။

ရန်ကုန်၊စက်တင်ဘာ၁၀ ။         ။ တောင်တွင်းကြီးမြို့နယ်တွင် ဘာသာပေါင်းစုံအစည်းအဝေးလုပ်ပြီးနောက် ယနေ့ စက်တင်ဘာလ ၁၀ရက် ည၇နာရီ ၄၅မိနစ်ခန့်၌ ဆိုင်ခန်းများကို လူတစ်စုက ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က အတည်ပြုပြောသည်။

"တောင်တွင်းကြီးမြို့နယ်မှာ ဘာသာပေါင်းစုံအစည်းအဝေးလုပ်ပြီး တစ်ရက်နှစ်ရက်ပေါ့ဗျာ ။ အခုလိုဖြစ်သွားတာပေါ့ အခုလောလောဆယ်တော့ကျွန်တော်တို့ ထိန်းနိုင်တဲ့အနေအထား ရှိပါတယ်"ဟု ဦးဝင်းမြင့်လှိုင်က ဆိုသည်။

ယနေ့ည ၇နာရီ ၄၅ ခန့်တွင် တောင်တွင်းကြီးမြို့နယ် ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျှောက်ရှိ ဆိုင်များကို တုတ်၊ ဓါးလက်နက်များကိုင်ဆောင်သည့် လူအင်အား တစ်ရာခန့်မှ လာရောက်ဖျက်ဆီးမှုများပြုလုပ်သွားပြီး အနီးရှိဘာသာခြားအိမ်များအားလည်း ခဲများဖြင့်ပစ်ပေါက်မှုပြုလုပ်ခဲ့သည်ဟု တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောသည်။

လက်ရှိအချိန်၌ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတွင် ဖြတ်သန်းခွင့်မပြုဘဲ လုံခြုံရေးချထားပြီး တုတ်ဓားလက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ကားဖြင့်လှည့်လည် ကြေညာထားသည်ဟု ၎င်းက အခြေအနေကိုဆက်ရှင်းပြသည်။

တောင်တွင်းကြီး မြို့ ၌ ပဋိပက္ခ ဖြစ်စဉ်ဆန်ဆန် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်သူများကို ထိထိရောက်ရောက်အရေးယူရန်ပြင်ဆင်နေသည်ဟု အစိုးရက ညတွင်းချင်း သတင်းထုတ်ပြန်ထားသည်။

"လိုအပ်သည်များ ဆောင်ရွက်ရန် မကွေးတိုင်းရဲမင်းကြီးကို ညွှန်ကြားထားပါသည် ။ မကွေးခရိုင်ရဲမှူးနှင့်အဖွဲ့ ချီတက်သွားပါပြီ" ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
ထို့ပြင် ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ခရိုင်ရဲမှူးကိုယ်တိုင်ဦးဆောင်ကာ ဆောင်ရွက်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဥပဒေနှင့်အညီ လူစုခွဲရာ၌ ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့အသုံးပြုခဲ့ရကြောင်း၊ တစ်ဦးဖမ်းဆီးထားပြီး ဦးဆောင်သူများကို စိစစ်ဆဲ ဖြစ်ကြောင်း၊ ဝိုင်းအုံသူ လူ ၄၀၀ ခန့် လူစုကွဲသွားပြီ ဖြစ်ကြောင်း၊ အခြား အုပ်စုဖွဲ့ဆောင်ရွက်မှုများ ဆက်လက် မဖြစ်စေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly