တောင်တွင်းကြီးလူစုလူဝေး ဖြစ်စဉ် ၌ ပါ၀င်သူ ငါးဦးအထိ ဖမ်းဆီးရမိထား

တောင်တွင်းကြီးလူစုလူဝေး ဖြစ်စဉ် ၌ ပါ၀င်သူ ငါးဦးအထိ ဖမ်းဆီးရမိထား
ဓာတ်ပုံ-ကိုသားကြီး(တောင်တွင်းကြီး)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ။         ။ တောင်တွင်းကြီးမြို့  လူစုလူဝေးဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအနက် လက်ရှိအချိန်အထိ ငါးဦး ဖမ်းဆီးရမိထားသည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် နှင်းကိုကိုလင်း ဆိုသူအား ယမန်နေ့ညက ဖမ်းဆီးရမိခဲ့ပြီးနောက် ယနေ့စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စိုးသူ ၊ သိန်းဇံဌေး ၊ နိုင်အောင်ထက် နှင့် စည်သူအောင်တို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တစ်ဦးဖြစ်သည့် နှင်းကိုကိုလင်းကို စစ်ဆေးမေးမြန်းခဲ့ရာ မောင်တောဒေသရှိ ARSA အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ခဲဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

ယမန်နေ့ည က တောင်တွင်းကြီးမြို့၌ ဘာသာရေးလူမျိုးရေးဆန်ဆန် လူစုလူဝေးတစ်ခု ဖြစ်ပွားခဲ့ကာ မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် က ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော်သီချင်း သီဆိုကြွေးကြော်ကာ ရွှေကြာအင်း (၁) ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ၊ အဆိုပါအဖွဲ့သည် ည ၈ နာရီခန့်တွင် မကွေး-တောင်တွင်းကြီး ကားလမ်း ရွှေကြာပင် (၂) ရပ်ကွက်ရှိ ဗလီတံခါးကို လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းကားလမ်းဘေးရှိ သမာအာဇီ၀ စတိုးဆိုင် ကိုလည်းကောင်း ခဲများဖြင့် ပစ်ပေါက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် မိုဘိုင်းဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင် ၊ လက်ဘက်ရည်ဆိုင်တစ်ဆိုင် ၊ကုန်စုံဆိုင် တစ်ဆိုင် ၊ ထမင်းဆိုင်တစ်ဆိုင် နှင့် နေအိမ်အချို့ပျက်စီးမှုများ ဖြစ်ခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားချက်အရ သိရသည်။

အစိုးရအနေဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိနေပြီး လူအုပ်စုဖြင့် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ယမန်နေ့ညက ဖြစ်စဉ်တွင် လူထိခိုက်မှု မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly