လောင်စာဆီလက်လီလုပ်ငန်းတွင် အာသံအခြေစိုက် NRL နှင့် ပါရမီစွမ်းအင်တို့ အကျိုးတူပူးပေါင်းသွားမည်

လောင်စာဆီလက်လီလုပ်ငန်းတွင် အာသံအခြေစိုက် NRL နှင့် ပါရမီစွမ်းအင်တို့ အကျိုးတူပူးပေါင်းသွားမည်
Photo-google

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အခြေစိုက် NRL-Numaligarh Refinery စွမ်းအင်ကုမ္ပဏီနှင့် ပါရမီစွမ်းအင်လီမိတက်တို့ အကျိုးတူပူးပေါင်းပြီး မြန်မာပြည်ဈေးကွက်သို့ ဒီဇယ်လောင်စာဆီများ ဖြန့်ချီရောင်းချရန် စီစဉ်နေကြောင်း ပါရီစွမ်းအင်လီမိတက်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ကုမ္ပဏီ ၂ ခုက ၅၀ ရာခိုင်နှုန်းစီ အကျိုးတူရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်၊ လောလောဆယ် ကနဦးအဆင့်မှာပဲ ရှိသေးတာကြောင့် ဘယ်လောက် ရင်းနှီးမြှုပ်နံှသွားမယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ဦးပြည့်ဝထွန်းက ပြောသည်။

ရိုးရိုးနှင့် အဆင့်မြင့်ဒီဇယ်ဆီများ ဖြန့်ချီသွားမည်ဖြစ်ကြောင်း ဦးပြည့်ဝထွန်းက ဆိုသည်။

ထိုသို့အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် NRL-Parami (ပါရမီ) မိတ်ဘက်တို့သည် မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍတွင် SHELL၊ PUMA၊ TOTAL နှင့် ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်သော နိုင်ငံခြားလက်လီစက်သုံးဆီကဏ္ဍတွင် ခြောက်ခုမြောက် ပူးပေါင်းမှု ဖြစ်လာမည်ဖြစ်သည်။

NRL နှင့် ပါရမီတို့သည် လက်လီစက်သုံးဆီလုပ်ငန်းကိုပါ ပူးပေါင်းလုပ်ကိုင်ရန် ဇူလိုင်လအတွင်းက ကနဦးသဘောတူညီမှုစာချုပ်-MOU ကို ချုပ်ဆိုထားပြီးဖြစ်သည်။

NRL သည် ရေနံသန့်စင်စက်ရုံသည် အိန္ဒိယ-မြန်မာနယ်စပ်မှ ၄၂၀ ကီလိုမီတာအကွာအဝေးရှိ အာသံပြည်နယ်၊ ဂိုလာဂတ်ခရိုင်၊ မိုရန်ဂီတွင် တည်ရှိပြီး ၎င်းမှ မြန်မာပြည်အထက်ပိုင်းဈေးကွက်သို့ ဒီဇယ်လောင်စာဆီများကို တင်ပို့မည်ဖြစ်သည်။

NRL နှင့် ပါရမီတို့မှ အဆိုပါဈေးကွက်ဝေစုအတွက် ရာခိုင်နှုန်း ၃၀မှ ၃၅ ရာခိုင်နှုန်းအထိ မျှော်မှန်းထားကြောင်း ပါရမီ စွမ်းအင်လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ပြောသည်။

အကျိုးတူပူးပေါင်းမှုအတွက် ကနဦးဈေးကွက်စမ်းသပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအခြေအနေ သိရှိရန် အတွက် စက်တင်ဘာလ ၄ ရက်နေ့က လောင်စာစီကားတစ်စီးတွင် ဒီဇယ်ဂါလံ ၄၀၀၀ ခန့် တင်ဆောင်လာသော ကား ၂ စီးသည် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သည့် မိုရေး-တမူးလမ်းကြောင်းမှ မြန်မာပြည်အနောက်မြောက်ဘက်မှ ဝင်ရောက်ခဲ့ ကြောင်းသိရသည်။

“အခုက ဈေးကွက်နဲ့ လမ်းကြောင်းအခြေအနေသိရအောင် စမ်းသပ်ခဲ့တာပါ။ နောက်ပိုင်း တကယ်လုပ်တဲ့အခါ ပိုက်လိုင်းတွေတည်ဆောက်ရမှာ…သိုလှောင်ကန်တွေ တည်ဆောက်သွားဖို့ရှိပါတယ်” ဟု ပါရမီစွမ်းအင်လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ပြောသည်။

အိန္ဒိယနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်မှုများအတွက် ကွန်ရက်ချိတ်ဆက်မှုများကို ပိုမိုတိုးတက် သယ်ဆောင်ပေးသွားရန် အလေးအနက်ထားလျက်ရှိပြီး ယင်းအချက်ကို အိန္ဒိယဝန်ကြီးချုပ် ဆရီ နာရန်ဒရာ မိုဒီ၏ စက်တင်ဘာလဆန်းအတွင်း ၃ ရက်ကြာ မြန်မာပြည်ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာဘက်ကလည်း ကြိုဆိုထားသည်။

ပါရမီစွမ်းအင်လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက “အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒကနေ ပုံစံစုံ ချိတ်ဆက်မှုမျိုးတွေ  ပိုမိုဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly