ဆန်ရှင်ချမှတ်ဖို့ ဖိအားပေးနေဦးမယ်ဆိုရင် အမေရိကန်ကို အကြီးအကျယ် ထိခိုက်ခံစားသွားရအောင် လုပ်ပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

By AFP
11 September 2017
ဆန်ရှင်ချမှတ်ဖို့ ဖိအားပေးနေဦးမယ်ဆိုရင် အမေရိကန်ကို အကြီးအကျယ် ထိခိုက်ခံစားသွားရအောင် လုပ်ပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

စက်တင်ဘာ ၁၁ ။           ။ မိမိတို့နိုင်ငံအပေါ် ပြင်းထန်တဲ့ ဆန်ရှင်ပိတ်ဆို့မှုတွေချမှတ်ဖို့ ကုလသမဂ္ဂကို အမေရိကန်တို့ဘက်က ထပ်တလဲလဲ ဖိအားပေးတိုက်တွန်းနေမယ်ဆိုရင်တော့ ဝါရှင်တန်ကို အကြီးအကျယ် ထိခိုက်နာကျင်သွားအောင် လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားတို့က စက်တင်ဘာ ၁၁ ရက်မှာ သတိပေးပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က မြောက်ကိုရီးယားတို့ရဲ့ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲစမ်းသပ်မှုက ယင်းနိုင်ငံရဲ့ အကြီးဆုံးသော စမ်းသပ်လုပ်ဆောင်မှုဖြစ်သလို တစ်ကမ္ဘာလုံးကိုပါ စိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။

ယင်းနောက်ပိုင်း ယခုအခါမှာတော့ ဝါရှင်တန်ဘက်က တင်ပြလာတဲ့ ပိတ်ဆို့အရေးယူမှု အသစ်ကို ကုလ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ စီစဉ်ထားပြီး တကယ်လို့ အတည်ပြုလာခဲ့မယ်ဆိုရင် ဒါဟာ အထီးကျန် နိုင်ငံအပေါ် ပြဌာန်းသတ်မှတ်ခဲ့သမျှ ဆန်ရှင်တွေထဲမှာ အပြင်းထန်ဆုံး တစ်ရပ် ဖြစ်လာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ယင်း မြောက်ကိုရီးယားအပေါ် ဆန်ရှင်ထပ်ချဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်က တောင်းဆိုထားပေမယ့် ယင်းအပေါ်မှာတော့ ပေကျင်းနဲ့ မော်စကို အစိုးရတို့က ခုခံပိတ်ပင်လိုလျက်ရှိနေပါတယ်။

အမေရိကန်တို့အနေနဲ့ ပြင်းထန်တဲ့ ဆန်ရှင်တွေချဖို့ အတင်းအကျပ်ဖိအားပေးလုပ်ဆောင်လာမယ်ဆိုရင် ယင်းနိုင်ငံအနေနဲ့ ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုအတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ကြောင်း ယင်းနိုင်ငံပိုင် KCNA အေဂျင်စီက ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly