စီမံကိန်းဘတ်ဂျက်များ အချိန်မီတင်သွင်းရန် ရန်ကုန်လွှတ်တော်တိုက်တွန်း

စီမံကိန်းဘတ်ဂျက်များ အချိန်မီတင်သွင်းရန် ရန်ကုန်လွှတ်တော်တိုက်တွန်း

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ။         ။ ဘတ်ဂျက်နှစ်တစ်နှစ်တာအတွင်းဆောင်ရွက်မည့် စီမံကိန်းများအတွက်  အသေးစိတ်တွက်ချက်ထားသည့်စာရင်းအား စစ်ဆေးရန် ပြည်သူ့ငွေစာရင်းကော်မတီထံ အချိန်မီ တင်သွင်းရန် တိုက်တွန်းကြောင်းအဆိုကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ၌ ပြည်သူ့ငွေစာရင်းကော်မတီက တင်သွင်းခဲ့သည်။

"တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များမှ တင်သွင်းသည့် ဘတ်ဂျက်များကိုစီစစ်ရန်အချိန်မရဘဲနဲ့အတည်ပြုလိုက်ရတဲ့ အတွက် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများစွာရှိနိုင်ပါတယ်။ ယင်းအတွက်ကြောင့်  ဘဏ္ဍာငွေများဆုံးရှုံးမှုမရှိစေရန် အသေးစိတ်တွက်ချက်ထားသည့် ဘတ်ဂျက်စာရင်းများကို အချိန်မီပေးပို့စေလိုကြောင်း အဆိုကို တင်သွင်းရတာဖြစ်ပါတယ်" ဟု ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်၌ ဖြေဆိုသွားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောင်ရွက်မည့် စီမံကိန်းဘတ်ဂျက်စာရင်းများသည် လွှတ်တော်၌ အတည်ပြုရန် သီတင်း တစ်ပတ်အလိုအထိ အသေးစိတ်စာရင်းများ မရောက်ရှိလာခြင်းကြောင့်  ယေဘုယျဆန်သည့်စစ်ဆေးမှုမျိုးကိုသာ လုပ်ဆောင်နိုင်သည်ဟု ယင်းအဆိုကို တင်သွင်းခဲ့သည့် ပြည်သူငွေစာရင်းကော်မတီအဖွဲ့ဝင် တောင်ဥက္ကလာမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမိုးမြင့်က လွှတ်တော်အပြီး မီဒီယာ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

"ပြောရမယ်ဆိုရင် ရန်ကုန်တိုင်းဘတ်ဂျက်မှာ နှစ်စဉ် ငွေလုံးငွေရင်းနဲ့ သုံးစွဲတဲ့တံတားတည်ဆောက်တဲ့ကိစ္စမျိုးတွေ၊ နောက် ကြီးမားတဲ့ ငွေကြေး ဘီလီယံနဲ့ ချီပြီး သုံးစွဲတဲ့ ပရောဂျတ်တွေ စစ်တဲ့နေရာမှာ အသေးစိတ်မသိတဲ့အတွက် အကြမ်းဖျင်း စစ်ရတော့ ဒီငွေတွေဟာ ပြောမယ်ဆိုရင် ရာနဲ့ ချီပြီး နိုင်ငံတော်အတွက် ဆုံးရှုံးနိုင်တယ်လို့ ယူဆမိတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကမူ ဘတ်ဂျက် စာရင်းများကို တိုင်းဒေသကြီး စီမံကိန်းဌာနနှင့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန စုစည်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကသာ ကြီးကြပ်ရသည့် ကိစ္စရပ် ဖြစ်သည်ဟု ယနေ့ လွှတ်တော်၌ ပြန်လည်ဖြေရှင်းချက်ပေးခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီကတင်သွင်းသည့်  တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်၌ ဆွေးနွေးရန်အတွက် ကန့်ကွက်သူမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့ခြင်းကြောင့် လာမည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly