တောင်တွင်းကြီးမြို့နှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မေးမြန်းခြင်း

တောင်တွင်းကြီးမြို့နှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မေးမြန်းခြင်း
ဓာတ်ပုံ-မင်းမင်း
 

မကွေး၊ စက်တင်ဘာ ၁၁။       ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် ယမန်နေ့ည စက်တင်ဘာလ ၁၀ ရက်က ဖြစ်ပေါ်ခဲ့သည့် လူအုပ်စုဖြင့်ဝိုင်းအုံမှု ဖြစ်စဉ်အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် အခင်းဖြစ် နေရာများအား ကြည့်ရှုစစ်ဆေးရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ (၁၁) ရက် နံနက် (၈) နာရီ (၅၀) မိနစ် အချိန်ခန့်က တောင်တွင်းကြီးမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည် ။

ထို့နောက် နေ့လယ် ၁နာရီခန့် ဝန်ကြီးချူပ်သည် တိုင်းအစိုးရရုံးသို့ ပြန်လည်ရောက်ရှိလာရာ မဇ္ဈိမမှ တွေ့ဆုံမေးမြန်းခဲ့သည်။

မဇ္ဈိမ-တောင်တွင်းကြီးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်သွားခဲ့ပြီး ဆောင်ရွက်ခဲ့တာ သိပါရစေ။

ဝန်ကြီးချုပ်-မနက်က တောင်တွင်ကြီး သွားခဲ့တယ်။ ထိခိုက်ပျက်စီးခဲ့တဲ့ ဈေးဆိုင်အချို့နဲ့ အိမ်အချို့ ဝန်းကျင်ကို ကွင်းဆင်းကြည့်တယ်။ သက်ဆိုင်တဲ့ ကာယကံရှင်တွေ၊တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မကွေးက သွားတဲ့ ရဲလုံခြုံရေးရော၊ နယ်မြေခံ လုံခြုံရေးရော တတ်နိင်သမျှ ဖျက်ဆီးခံရတဲ့ ဆိုင်တွေကို ဂရုစိုက်ဖို့ မှာကြားခဲ့တယ်။

မဇ္ဈိမ- ဟုတ်ကဲ့ ညကဖြစ်စဉ်မှာ အကြမ်းဖက်တာ ဖြိုခွင်းတာမျိုး ရှိပါသလားခင်ဗျ။

ဝန်ကြီးချုပ် - အကြမ်းဖက်တာ ဖြိုခွင်းတာ ဘာမှမရှိပါဘူး။

မဇ္ဈိမ- ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်နဲ့ ဖြိုခွင်းရတယ် သတင်းတက်ထားပါတယ် ဟုတ်ပါ သလားခင်ဗျ ။

ဝန်ကြီးချုပ်- ရော်ဘာကျည်ဆန်နဲ့ ဖြိုခွင်းရတယ် ဆိုတာ မဟုတ်ပါဘူး။

မဇ္ဈိမ- ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်တွင်းကြီးမှာ ပုဒ်မ ၁၄၄ ထုတ်မယ်လို့ ကောလဟာလ ထွက်နေပါတယ်။ ဟုတ် မဟုတ် သိပါရစေ။

ဝန်ကြီးချုပ်- ပုဒ်မ ၁၄၄ထုတ်မယ်ဆိုတာ မဟုတ်ပါဘူး။

မဇ္ဈိမ - အခုလက်ရှိအခြေအနေနဲ့ ဆောင်ရွက်ချက်တွေ သိပါရစေ။

ဝန်ကြီးချုပ်- အခုတော့ အေးချမ်းပါပြီ၊ ကိုယ့်နိင်ငံသား ဖြစ်နေရင် အေးအေးချမ်းချမ်းနေတဲ့ လူမျိုးခြားပဲဖြစ်ဖြစ် အနှောင့်ယှက်မပေးသင့်ဘူး ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူဆောင်ရွက်ဖို့ ဆောင်ရွက်နေပါတယ်။ တောင်တွင်းကြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြေအနေတွေကို နိင်ငံတော်သမ္မတရုံး၊အတိုင်ပင်ခံရုံး တွေဆီ အဆက်မပြတ် တင်ပြနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly