မျိုးကောင်းမျိုးသန့်စပါးများအား မန္တလေးတိုင်းအနှံ့ အစိုးရမှ မထောက်ပံ့နိုင်သေး

မျိုးကောင်းမျိုးသန့်စပါးများအား မန္တလေးတိုင်းအနှံ့ အစိုးရမှ မထောက်ပံ့နိုင်သေး

မန္တလေး၊ စက်တင်ဘာ ၁၁ ။         ။ မန္တလေးတိုင်းဒေသကြီးအတွင်း စပါးစိုက်တောင်သူများကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ မျိုးကောင်း၊မျိုးသန့်စပါးများ ထောက်ပံ့ပေးလျှက်ရှိရာတွင် တစ်တိုင်းလုံးအတွက် မလွှမ်းခြုံ နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်ဆွေက မဇ္ဈိမသို့ ပြောသည်။

"မန္တလေးတိုင်းမှာ မျိုးသန့်စံပြရွာ မျိုးသန့်၊မျိုးစေ့ထုတ်တာပေါ့။ မျိုးစေ့ခြံတွေကရတဲ့ မျိုးသန့် မျိုးစေ့ထုတ်လုပ်တဲ့ လုပ်ငန်းလုပ်နေတာကို ကြာခဲ့ပြီ။ နှစ်ပေါင်းဆယ်ဂဏန်းချီခဲ့ပြီပေါ့။ ခြံတွေမှာ မျိုးစေ့ထုတ်နိုင်တာက တစ်နှစ်လုံးမှ တင်း လေးငါးထောင်ထက်မပိုဘူး။ မန္တလေးတိုင်းမှာ မျိုးစိုက်ဧက ငါးသိန်းလောက်ရှိတယ်။ ဘယ်လိုမှ မျိုးသန့်ထုတ်ပေးနိုင်ဖို့က ခြံကိုပဲ အားကိုးလို့မရဘူး။"ဟု ဒေါ်ခင်မြတ်ဆွေကပြောသည်။

နှစ်စဉ် မျိုးကောင်းမျိုးသန့်အလုံအလောက် ရရှိရေးအတွက် မျိုးစေ့ထုတ်အဖွဲ့အစည်းများ၊ အကျိုးဆောင်တောင်သူများပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဝန်ထမ်းများနှင့်အကျိုးဆောင်တောင်သူများကို စနစ်တကျသင်တန်းများပေးရန်လိုအပ်နေသည်။

တစ်တိုင်းလုံးခြုံမိစေရန်အတွက် မန္တလေးတိုင်းတွင် မျိုးစေ့ထုတ်လုပ်ရန် ၄၄၃၇ဧက စိုက်ပျိုးရန်စီစဉ်ထားပြီး၊မျိုးစေ့ထုတ်အဖွဲ့အစည်းများမှ ၁၅၄၄ဧက၊ မျိုးသန့်စံပြရွာမှ ၁၉၇၂ဧက၊ ပုဂ္ဂလိက ကုမ္ပဏီများမှ ၉၂၁ဧက စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိတွင် ၃၉၀၀ ဧကကျော်စိုက်ပျိုးပြီးနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly