လူစုလူဝေးဖြစ်ပွားခဲ့ရာ တောင်တွင်းကြီးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်စစ်ဆေး

လူစုလူဝေးဖြစ်ပွားခဲ့ရာ တောင်တွင်းကြီးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်စစ်ဆေး
ဓာတ်ပုံ-တင်ရွှေ/ဗိုလ်ပြည့် ( တောင်တွင်းကြီး)

တောင်တွင်းကြီး စက်တင်ဘာ ၁၁ ။         ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် ယမန်နေ့ညက ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြစ်စဉ် အခြေအနေမှန်များ သိရှိနိုင်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ  ယနေ့ စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည် ။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခင်းဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့သည့် ဈေးဆိုင်အချို့ နှင့် နေအိမ်အချို့ ကို ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ ကာယကံရှင်များ၊ တာဝန်ရှိသူများနှင့်   တွေ့ဆုံခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ အမြန်ဆုံး ဖော်ထုတ် အရေးယူဆောင်ရွက် ရန်အတွက် လည်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည် ။

ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်မခံကြောင်း၊ အမှန်တကယ် ပြစ်မှုကျူ းလွန်သူများကို အမြန်ဆုံး စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများက အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အများပြည်သူ လုံခြုံရေးအတွက် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ စနစ်တကျစီမံ   ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယမန်နေ့ညက လူအုပ်စုဖြင့် ဝိုင်းအုံကာ နေအိမ် အချို့နှင့် ဈေးဆိုင်အချို့အား ၊ ခဲများဖြင့် ပစ်ပေါက်မှုကြောင့် ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်းသိရသည်။ ခဲဖြင့် ပစ်ပေါက်သည့် အဖွဲ့မှ မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း  ဆိုသူကို ဖမ်းဆီးရမိ စစ်ဆေး လျှက်ရှိကြောင်းလည်းသိရသည်။

တောင်တွင်းကြီးမြို့တွင် ယခုလက်ရှိ အချိန်၌ တည်ငြိမ်အေးချမ်းစွာဖြင့် ရောင်းဝယ် ဖောက်ကား သွားလာလျှက်ရှိပြီး လမ်းဘေး ဝဲယာနှင့် ရပ်ကွက်များအတွင်း လှည့်ကင်း ၊ ရပ်ကင်း ၊ ဝပ်ကင်းများကို နေ့ညမပြတ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly