မကွေးတိုင်းဒေသကြီးအတွင်း ၃ မြို့၌ ဒီမိုကရေစီရုပ်ရှင်ပွဲတော် ရရက်ကြာ ပြုလုပ်မည်

မကွေးတိုင်းဒေသကြီးအတွင်း ၃ မြို့၌ ဒီမိုကရေစီရုပ်ရှင်ပွဲတော် ရရက်ကြာ ပြုလုပ်မည်

မကွေး၊ စက်တင်ဘာ ၁၁ ။          ။ မြန်မာ့ဒီမိုကရေစီ  ရုပ်ရှင်ပွဲတော် ရက်သတ္တပတ်ကာလအတွင်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ ရေနံချောင်း၊ ပခုက္ကူမြို့များတွင် စက်တင်ဘာလ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့ထိ (၇)ရက်တိုင် ရုပ်ရှင်ပွဲတော်များ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံနဲ့လူမျိုးရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာမြင့်မားစေရေး ၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ နိုင်ငံသားတို့ ခံယူလုပ်ဆောင်ရမယ့် ဒီမိုကရေစီကျင့်စဉ်နဲ့ စိတ်ထားတွေ တိုးပွားရင့်သန်စေရေး တို့ကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ  ကျင်းပပြုလုပ်သွားမှာပါ။ မကွေးမြို့က မင်္ဂလာစံပြရုပ်ရှင်ရုံ ၊ ရေနံချောင်းမြို့က ရတနာ ရုပ်ရှင်ရုံ နဲ့ ပခုက္ကူမြို့က သီဟရုပ်ရုင်ရုံတွေမှာ မြန်မာဒီမိုကရေစီ  ရုပ်ရှင်ဇာတ်ကား(၅)ကား ပြသသွားဖို့ ရှိပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်က ပြောသည်။

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကားများဖြစ်သည့် ကြီးမြတ်သောမြန်မာ ၊ နေခြည်မှာရွှေရည်လောင်း ၊ ဒီမိုရပ်ကွက် ၊ သရာစောထိ ၊ တိမ်ပြာသောနေ့ စသည် ဇာတ်ကား(၅)ကားကို နိုင်ငံတစ်ဝှမ်းရှိ ရုပ်ရှင်ရုံ(၄၄)ရုံတွင် ပြသသွားရန်အစီအစဉ်ရှိပြီး စက်တင်ဘာလ(၁၅)ရက်နေ့တွင် အခမဲ့ ၊ ကျန်နေ့များတွင် ရုံဝင်ကြေးများဖြင့် ပြသသွားမည်ဖြစ်ကြောင်း ၎င်းမှဆိုသည်။

“မကွေးမြို့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ လူဦးရေ(၄၉၁)ဦး ကြည့်နိုင်ပါတယ်။ အဲဒီမှာ တစ်နေ့(၅)ချိန်ပြသွားမယ်။ ရေနံချောင်းက ရတနာရုပ်ရှင်ရုံမှာလူ(၂၀၀)ဆံ့ပြီးတော့ တစ်နေ့(၃)ကြိမ်ပြမယ်။ ပခုက္ကူမြို့က သီဟရုပ်ရှင်ရုံမှာ လူ(၃၀၀)ဆံ့တယ်။ တစ်နေ့(၄)ကြိမ် ပြသွားမယ်။ သက်ဆိုင်ရာဒေသက အကြီးအကဲတွေ ဖိတ်ကြားပြီးတော့ ဖွင့်ပွဲတွေလုပ်ပါမယ် ”ဟု မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန ၊ ဌာနခွဲမှူး ၊ မကွေးတိုင်းတာဝန်ခံ ဦးလှကျော်ဦးက ပြောသည်။

ကြီးမြတ်သောမြန်မာရုပ်ရှင်ဇတ်ကားကို မကွေးနှင့်ရေနံချောင်းမြို့များ၌ 3D စနစ်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျန်ရုပ်ရှင်ဇတ်ကားများကို 2D စနစ်ဖြင့်သာ ပြသသွားမည်ဖြစ်ကြောင်း ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မြို့တွင်း လှည့်လည်ကြေညာမှုများ လုပ်ဆောင်ရန်ရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ရုပ်ရှင်၊ဂီတ၊သဘင် နှင့် ဗီဒီယို အခြေခံအဖွဲ့တာဝန်ရှိသူများ ၊ ပြန်/ဆက်ဦးစီးဌာန နှင့် ရုပ်ရှင်ရုံလုပ်ငန်းကိုယ်စားလှယ်များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly