သီချင်းဆိုတာနောက်မှာ သရုပ်ဆောင်တာက ဒုတိယဝါသနာဆိုတဲ့ X Box

11 September 2017
သီချင်းဆိုတာနောက်မှာ သရုပ်ဆောင်တာက ဒုတိယဝါသနာဆိုတဲ့ X Box

Mizzima Tv ပရိတ်သတ်များ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ လူငယ် ပရိသတ်တွေနဲ့ နှုတ်ခမ်းနီမလေးတွေ အရူးအမူးစွဲလမ်းကြတဲ့လူငယ်အဆိုတော် X Box နဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ် ။ သူ့ရဲ့ တေးသီချင်းတွေအပေါ်ရူးသွပ်မှုတွေနဲ့ ဂီတလမ်းပေါ် လျှောက်လှမ်းခဲ့သမျှအကြောင်းတွေကို မေးမြန်းသွားမှာဖြစ်ပါတယ် ။

မေး - ပထမဦးဆုံးအနေနဲ့ခုလတ်တလော Online မှာ တင်ထားတဲ့သီချင်းလေးပေါ့ ဘယ်လိုဖန်တီးဖြစ်တယ်ဆိုတာလေးသိပါရစေ ။ 

ဖြေ - အင်း လတ်တလောမှာ တင်ထားတာ ၂ပုဒ်ရှိတယ်ဗျ ။ တစ်ပုဒ်က Rapper တွေအကြိုက် ရွတ်ဆိုတဲ့ စသီချင်း ဒါ Hip-Hop ဆန်ဆန်သီချင်းတစ်ပုဒ်ဖြစ်တယ်။ နောက်တစ်ပုဒ်ကတော့ အချစ်သီချင်းပါ ။ အပြင်တွေလျှောက်မသွားနဲ့ဆိုတဲ့သီချင်းပါ လူငယ်အများစုကြိုက်မယ့် ပုံစံလေးပါ ။ အင်း ကျွန်တော် Melody ဆန်ဆန်လေး ဆိုထားတယ် ။ ကျွန်တော်ဆိုနေကျတော့ ဆိုနေကျပုံစံပါပဲ ။ ဒါပေမယ့် နည်းနည်းဆန်းဆန်းပြားပြားလေးရော လူတိုင်းနဲ့အဆင်ပြေမယ့်စာသားလေးရော  ဆိုထားတယ် ။ ပြီးတော့အဲ့ ဒီသီချင်းက အမှတ်တရတွေအများကြီးရှိပါတယ် ။

မေး -ဟုတ်၊ ဘယ်လိုစိတ်ကူးနဲ့ပုံဖော်ဖြစ်ခဲ့တာပါလဲ။

ဖြေ - ဘယ်လိုစိတ်ကူးလဲဆိုတော့ ကျွန်တော်က လွန်ခဲ့တဲ့၁နှစ်လောက်က အိပ်ရေးမပျက်စေနဲ့ဆိုတဲ့ သီချင်းနဲ့ကျွန်တော်က ပေါက်ထားတယ် ။ အဲ့ဒီသီချင်းကလည်း ကျွန်တော် တောက်လျှောက်ဖန်တီးခဲ့တဲ့ ပုံစံတွေနဲ့ မတူတဲ့ သီချင်းပုံစံအသစ်တစ်ခု ဖန်တီး လိုက်ရာကနေပြီးတော့ ဒီ အိပ်ရေးမပျက်စေနဲ့ဆိုတဲ့ သီချင်းက တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူငယ်ပရိသတ်တွေ အရမ်းကြိုက်ကြတဲ့သီချင်းတစ်ပုဒ် ။ ကျွန်တော့်သီချင်း တွေထဲမှာဆိုရင် အားပေးမှုအများဆုံး သီချင်းတစ်ပုဒ် ဖြစ်လာတာပေါ့ လေ။ အဲဒီလို ပရိသတ်တွေ သပ်သပ်ရှိလာပြီဖြစ်လို့ အဲပရိသတ်တွေအတွက်  နောက်ထပ်တစ်ပုဒ် အနေနဲ့ အပြင်ကိုလျှောက်မသွားနဲ့ ဆိုတဲ့ခေါင်းစဉ်နဲ့ အိပ်ရေးမပျက်စေနဲ့နဲ့မတူတဲ့ Music ပုံစံ ကို နောက်ထပ်တစ်ပုဒ်အနေနဲ့   ဖန်တီးဖြစ်တာပါ...။

မေး - လက်ရှိဆိုရင်ရော ဘာတွေလှုပ်ရှားမှုတွေ လုပ်နေလဲ ။

ဖြေ - လက်ရှိ ကျွန်တော် နိုဝင်ဘာမှာ ကျွန်တော့်ရဲ့ တကိုယ်တော် ဒုတိယအခွေ Solo Album 99 လို့ နာမည်ပေးထားတဲ့အခွေထွက်ဖို့သီချင်းတွေသွင်းနေတယ်၊ ဝါတွင်း ကုန်တော့မယ် ဆိုရင် ပွဲကြီးတွေ ပြန်လာတော့မယ် ဒီကြားထဲတော့ H1N1 တွေ ဖြစ်နေ တော့ Show ပွဲတွေက ခဏ ရပ်ထားတယ်။ ဘယ်သူမှမလုပ်ကြသေးဘူးဆိုတော့ ကုမ္ပဏီပွဲတွေ ၊ပရိုမိုးရှင်းပွဲတွေတော့ လာငှားရင် ဆိုဖြစ်ပါတယ် ။ သီချင်းအသစ်တွေ လည်း ရေးဖြစ်တယ် ။ ပြီးတော့ တခြားရိုက်ကူးရေးတွေ လုပ်ဖြစ်တယ်။ ဒီလောက်ပါပဲ ။

မေး - အခွေကရော ဘယ်အခြေနေလောက်ရောက်သွားပြီလဲ။

ဖြေ - ၄၀ ရာနှုန်းလောက်တော့ ပြီးနေပါပြီ ဘာလို့ဆို ကျွန်တော်က အိမ်မပြန်ဖြစ်တာ များတယ်ခင်ဗျ ။ စတူဒီယိုမှာပဲနေပြီးတော့ အိပ်လိုက် စားလိုက်အသံသွင်းလိုက် နေတော့ သီချင်းတွေကပြီးတော့ပြီးလုခင် အကုန်တော့မပြီးသေးဘူး ။ ကျွန်တော်က ဂျီးများတယ်ဆိုတော့ ပြန်တော့ရွေးဦးမှာပါ။

မေး - ဘယ်လိုအမျိုးအစားတွေပါမလဲ ။ ပရိသတ်ကရော ဘယ်လောက်မျှော်လင့်ရမလဲ။

ဖြေ - အင်း ကျွန်တော်  X Box ဆိုတဲ့အဆိုတော်တစ်ယောက် လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးပေါ့။ ဒီ Hip-Hop ခေါင်းစဉ်အောက်က မဟုတ်ပဲနဲ့ ကျွန်တော်ဖန်တီးတဲ့ သီချင်းတွေဆိုပြီးတော့ သီးသန့်ထွက်စေမဲ့ ရသ တစ်မျိုးစီပေါ့။ အနားမှာရှိတဲ့ Music Producer တွေနဲ့ရော ပံ့ပိုးပေးနေတဲ့သူတွေနဲ့ပါ တိုင်ပင်ပြီးတော့ တစ်ပုဒ်ချင်းစီ သပ်သပ်ရပ်ရပ် ဖန်တီးနေပါတယ်။

မေး - ၉ ပေါက် သီချင်းကိုရော ကိုယ်တကယ်လေးစားအားကျရတဲ့အနုပညာရှင်နဲ့ တွဲဖက်ဆိုရတဲ့အပေါ်ရော ဘယ်လိုခံစားရလဲ။

ဖြေ - အရမ်းပျော်ပါတယ် ကျွန်တော့်ဆရာလို့လည်း ပြောလို့ရပါတယ် ။ ဘယ်လို ဆရာမျိုးလဲဆိုတော့ ညီအကိုလိုမျိုး ငယ်ဘဝထဲက ၁၇၊၁၈ လောက်ထဲက ဒီကောင်လေးဖြစ်နိုင်တယ်ဆိုပြီး စောင့်ကြည့်နေတာ ။ နောက်ခင်သွားပြီးတော့  သူကပဲ စခေါ်ခဲ့တာပါ။ မြေတောင်မြှောက်ပေးချင်တဲ့စိတ်နဲ့တွဲခေါ်ခဲ့ခဲ့တာပါ။ သူ့ဆီက ပညာတွေ အများကြီးရတယ် ။ ဆုံးမစကားတွေရော ကျွန်တော်ရဲ့မြင်ဆရာပေါ့။

မေး - X Box ဆိုတဲ့ဘဝဖြစ်လာဖို့ ဘယ်လိုရူးသွပ်မှုတွေက ပံ့ပိုးခဲ့တာလဲ။

ဖြေ - နေရာတစ်ခုရအောင် ကိုယ့်ရဲ့တွန်းအားတစ်ခုကြောင့် ဖြစ်လာတယ်လို့ပဲ ထင်ပါတယ် ။ ကျွန်တော့်အိမ်ကလူတွေကလည်း မပံ့ပိုးပေးဘူး ခင်ဗျ။ ပညာရေး ကောင်းအောင်ပဲ ပံ့ပိုးပေးတာ။  Music နဲ့ ပတ်သတ်ပြီး ဆွေမျိုးသားချင်းလည်း မရှိ အိမ်ကလည်း မယုံကြည်ကြဘူး။  ဒါသူတို့အမှားတော့မဟုတ်ဘူး ။ ကျွန်တော်ကိုယ်တိုင် အသံကောင်းတဲ့ အဆိုတော်မဟုတ်ဘူး ။ အိမ်မှာ သီချင်းတွေ ညည်းတော့လည်း ဟဲ့ နင့်အသံကြီးက ကောင်းလည်း မကောင်းဘူးလို့ အမြဲ ပြောခံရတယ် ။ ကျွန်တော်ဆိုတဲ့Music က အသံ သိပ်ကောင်းစရာမလိုဘူးဗျာ။  အဓိက ဆိုတတ်ဖို့ပဲ လိုတယ်ဆိုတော့ အဲဒါကို အချိန်ပေးပြီးတော့ လေ့ကျင့်လိုက် ပြီးတော့  အတတ်ဘဝကလည်း  ကံပါလာတာလည်း နေမှာပါ ။ တဖြည်းဖြည်းနဲ့ လမ်းကြောင်းလေး ပေါ်လာပြီးတော့ သီချင်းလေးတွေက လူနည်းစုကနေ လူအများစု ကြိုက်တဲ့ လူငယ်အဆိုတော်တစ်ယောက် ဖြစ်လာတာပါ ။ ကိုယ့်ကိုကိုယ်ပဲ ရုန်းပြီးတော့ ကြိုးစားလာခဲ့တာပါ ။ နောက်ပိုင်းကျမှ အိမ်က လက်ခံလာတာပါ။

မေး - သီချင်းဆိုတာ အပြင်ရော အတီးပိုင်းမှာရော ဘာတွေစိတ်ဝင်စားပါလဲ။

ဖြေ - Drum တီးရတာ ဝါသနာပါတယ် ။ တီးတော့မတီးတတ်ပါဘူး ။ Studio နောက်ခန်းမှာရှိတယ် ။ စိတ်ကူးပေါက်ရင် ကျွန်တော် ဒုံးဒိုင်း ၊ ဒုံးဒိုင်းနဲ့ သွား သွားတီးပြီးတော့ ချွေးတွေဘာတွေ ထုတ်ပစ်လိုက်တယ် ။

မေး - တခြားဖန်တီးချင်တဲ့ အနုပညာပုံစံတွေရော ရှိသေးလား။

ဖြေ - ကျွန်တော်က ဓာတ်ပုံတွေဘာတွ ရိုက်ရတာဝါသနာပါတယ် ။ အပျော်တမ်းပါ ကောင်လေးတွေ Sexy ပုံတွေ မဟုတ်ဘူး။ တောတောင်သဘာဝတွေ ရိုက်ရတာ။ သဘောကျတယ်။ နောက်သရုပ်ဆောင်ရတာ ဝါသနာပါတယ် ။ သွားလာလှုပ်ရှားနေ တဲ့ပုံတွေ တီဗီပေါ်မှာပြန်ကြည့်ချင်တယ် ။ ကိုယ် ဘယ်လိုရုပ်ကြီးလဲဆိုတာ အဲ့ဒီတော့ သရုပ်ဆောင်ပြချင်တာ မင်းသားဖြစ်ချင်တာမဟုတ်ပါဘူး။ ဒီဟာကတော့ ဒုတိယ ဝါသနာပါ ။ အဓိက သီချင်းဆိုချင်တာပါ ။

မေး - ဒါဆို MTVရိုက်နေတဲ့အချိန်ဆိုပျော်တာပေါ့။

ဖြေ - ပျော်ပါတယ် ။ ဒါပေမယ့် သီချင်းဆိုတာလောက်တော့ မပျော်ပါဘူး။ စင်ပေါ်မှာ ဆိုတဲ့အချိန်ကတော့ ကျွန်တော့်အတွက်အပျော်ဆုံးပဲ။ မင်္ဂလာဆောင်ပဲဆိုဆို ဇာတ်ပွဲပဲဆိုဆို၊  ဘုရားပွဲပဲဆိုဆို ၊ ရန်ကုန်ပွဲတွေရော ဘာပဲဆိုဆို  ဆိုနေရရင် ပျော်တယ်။ သီချင်းဆိုတာရဲ့ နောက်မှသရုပ်ဆောင်တာက ဒုတိယဝါသနာတစ်ခုပါ။

မေး - ဆိုခဲ့ဖူးတဲ့ရန်ကုန် show ပွဲနဲ့နယ်ပွဲတွေ ကွာခြားချက်က ဘာဖြစ်မလဲ ။

ဖြေ - မတူဘူးဗျ ..သူတို့ရဲ့ရင်ဘတ်ထဲမှာ အဆိုတော်အပေါ်ထားတဲ့ စိတ်၊ ခံစားချက် ချင်းလည်း မတူဘူးပေါ့ နော် ။ ရန်ကုန်ပရိသတ်က အားပေးတယ် ။ မန္တလေးက ကျတော့ အားပေးကြမ်းတယ်၊ အချစ်ကြမ်းတာ အဆိုတော်ဆို အရမ်းချစ်တယ် အဲလိုမျိုး ပွေ့ဖက်ပြီးတော့  နမ်းပစ်လိုက်ချင်တဲ့ဟာမျိုး ၊ ကျွန်တော် လက်မှာ ပတ်ထားတဲ့ ဒါလေးဆို လိုချင်ကြတယ် ။ အမှတ်တရ သိမ်းထားချင်တယ် ။ ဒါလေးပေး ဒါလေးပေး ဆိုတောင်း ၊ အချစ်ကြမ်းကြတာ ။  ဘယ်လိုပြောရမလဲ ကျွန်တော်တို့အိမ်ပြန်တော့ အမှတ်တရလေးတွေ ကျန်ခဲ့တာပေါ့ နော် ။ အဲဒီအချစ်ကြမ်းတာလေးတွေကို ကျွန်တော်တို့သဘောကျနေရတာ။  ကျွန်တော်တို့က ရန်ကုန်မှာ နေတော့ မထိတွေ့ ရဘူးလေ ။ သူတို့နဲ့ တခါတခါ သွားမှ နယ်တွေမှာ သောင်းသောင်းဖျဖျ၊ ရူးရူးမူးမူး ပေါ့ နော် ။ အားပေးကြတယ် ရန်ကုန်ပရိသတ်က ကျတော့ အားပေးတယ်။ အနုပညာ တော်တော်များများကလည်း အားထားကြတယ် ရန်ကုန်ကနေပြီးတော့အစပြုပြီးအကုန် သွားတာဆိုတော့ ။ ရန်ကုန်ပရိသတ်က ကျွန်တော်တို့ အပြင်တွေဘာတွေသွားလည်း မြင်နေရတယ် ။ စားသောက်ဆိုင်ပဲထိုင်ထိုင် အမြဲမြင်နေရတော့ နယ်က ပရိသတ်လောက်တော့ အချစ်မကြမ်းဘူးပေါ့ ။ ရန်ကုန်ပရိသတ်က ၅၀ ရာခိုင်နှုန်းဆို နယ်က ၈၀လောက်ရှိမယ် ။ ကျွန်တော်တို့ကို မမြင်ဖူးတော့ ပိုအားပေးတာနေမှာပါ။

မေး - အဲဒါဆိုရင် X Box ကိုအရူးအမူးစွဲလမ်းနေတဲ့ပရိသတ်ကို စကား လက်ဆောင်လေး ပြောပေးပါဦး။

ဖြေ - (ရယ်လျှက်)   အိပ်ရေးမပျက်စေနဲ့။ အပြင်တွေ လျှောက်မသွားနဲ့ ဒါပဲ ပြောချင်ပါတယ်။ မိုးတွေရွာနေတယ် ။ ကျန်းမာရေး ဂရုစိုက်ကြပါ ။ ကျွန်တော်လည်း ရှိုးပွဲတွေ မကြာခင် လာပါတော့မယ် အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags