စားဝတ်နေရေးအခက်အခဲကြောင့် တောင်ပြိုတွင်ပိတ်မိနေသည့် ဒေသခံ ၁၂၀၀ ခန့် မောင်တောမြို့ပေါ်သို့ တိမ်းရှောင်လာ

စားဝတ်နေရေးအခက်အခဲကြောင့် တောင်ပြိုတွင်ပိတ်မိနေသည့် ဒေသခံ ၁၂၀၀ ခန့် မောင်တောမြို့ပေါ်သို့ တိမ်းရှောင်လာ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ။            ။ ရခိုင်ပြည်နယ်မြောက်ဘက်အစွန်ဆုံးတွင်ရှိသည့် တောင်ပြိုမြို့တွင် ပိတ်မိနေသည့် ဒေသခံ ၁၂၀၀ ခန့်သည့် စားဝတ်နေရေးအခက်အ ခဲဖြစ်လာသော ကြောင့် မောင်တောမြို့ပေါ်သို့ပြောင်းရွေ့လာခဲ့ရသည်ဟု ပြောင်းရွေ့လာသည့် နံသာတောင် ဆရာတော် ဦးစာရဏ ကမိန့်သည်။

တောင်ပြို့မြို့ထဲရှိ နံသာတောင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ တမန်းသားကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ ကွင်းဖိုးလှကျေးရွာ၊ ထရိန်းကျေးရွာတို့မှ ဒေသခံ  ၁၂၀၀ ခန့် ယနေ့ နံနက် ၆ နာရီခန့်တွင် မောင်တောမြို့မ ပရိယတ္ထိစာသင်တိုက် သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ မနေ့ညက ဘုန်းဘုန်းတို့ပြောင်းလာတာ ၁၂၀၀ လောက်ပါတယ်။ ပြောင်းလာတာက အဲ့ဒီဘက်မှာ စားရေးသောက်ရေးတွေက အခက်အခဲဖြစ်နေတဲ့ အတွက် မြို့ပေါ်ကိုမှီခိုမှပဲ သက်သာမယ် ဆိုပြီး အဲ့လိုမျိုးပြောင်းလာတာ။ ကျောင်းသားက ၃၇၅။ ကျန်တဲ့ဟာက အရပ်သားတွေပဲ “ ဟု နံသာတောင် ဆရာတော် ဦးစာရဏ ကမိန့်သည်။

စက်တင်ဘာ ၁၀ ရက်နေ့ညက တပ်မတော်မှ လော်ရီကားကြီး ၈ စီး၊ အရပ်သားကား ၄ စီး၊ စုစုပေါင်း ၁၂ စီး ဖြင့် ပြောင်းရွေ့လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ပြိုမြို့တွင် ဆက်လက်ပိတ်မိနေသူများရှိနေသေးပြီး အမြန်ဆုံးပြောင်းရွေ့ရန်လိုအပ်နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ( ၅၉) ရွာ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံရ ကြောင်း  အစိုးရက သတင်းထုတ်ပြန်ထား သည်။

ယင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီးရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဒေသခံများ သေဆုံးမှု အဖြစ် ဒေသခံတိုင်းရင်းသား (၁၄) ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင် (၇) ဦး၊ ဘင်္ဂလီ(၇) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly