ယူအက်စ်အိုးပင်းအမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ရာဖေးလ်နာဒယ် အနိုင်ရရှိ

ယူအက်စ်အိုးပင်းအမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ရာဖေးလ်နာဒယ် အနိုင်ရရှိ

စက်တင်ဘာ ၁၁၊ အမေရိကန် ။          ။ ယူအက်စ်အိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ရာဖေးလ်နာဒယ်က ပြိုင်ဘက်တောင်အာဖရိကတင်းနစ်သမား ကီဗင်အန်ဒါဆင်ကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။

နာဒယ်ဟာ အန်ဒါဆင်ကို(၆-၃၊ ၆-၃၊ ၆-၄)နဲ့ သုံးပွဲပြတ်အနိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီချန်ပီယံဆုဟာ နာဒယ်အတွက် ၁၆ ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုဖြစ်ပြီး ၃ ကြိမ်မြောက် ယူအက်စ်အိုးပင်းဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့တင်းနစ်လောကမှာ ဂရင်းစလင်းချန်ပီယံဆုအများဆုံးရရှိထားသူက ရော်ဂျာဖက်ဒါးရားဖြစ်ပြီး ချန်ပီယံဆု ၁၉ ကြိမ် ရယူထားပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ နာဒယ်အနေနဲ့ ဖက်ဒါးရားရဲ့စံချိန်ကို လိုက်မီဖို့ ဂရင်းစလင်းချန်ပီယံဆု သုံးခု လိုအပ်နေပါသေးတယ်။

ယူအက်စ်အိုးပင်းချန်ပီယံဆုကို ဆွတ်ခူးရရှိပြီးတဲ့နောက်မှာတော့ နာဒယ်က “ကစားပွဲတွေကို ကျွန်တော်ချစ်နေတုန်းပါ။ ပြိုင်ဆိုင်ဖို့ကိုလည်း စိတ်အားတက်ကြွနေဆဲပါပဲ။ ကျွန်တော့်ရဲ့အာရုံကြောတွေက ကစားဖို့ခွင့်ပြုနေသေးတဲ့အချိန်အထိ တင်းနစ်ကွင်းထဲမှာ ရှိနေဦးမှာပါ။ ဖက်ဒါးရားရဲ့စံချိန်ကို လိုက်မီဖို့အတွက်ကတော့ စိတ်ထဲ မရှိပါဘူး။ သူလည်း သူ့ဘာသာသူ သူ့လမ်းကြောင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး ကျွန်တော့်လည်း ကိုယ့်ဘာသာကိုယ်ကြိုးစားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နာဒယ်ဟာ အန်ဒါဆင်ကို အနိုင်ရဖို့ ၂ နာရီနဲ့ ၂၇ မိနစ် ကစားခဲ့ရပါတယ်။

ဒီဗိုလ်လုပွဲဟာ သူ့အတွက် ပထမဆုံးဖြစ်လို့ နာဒယ်လို ပြိုင်ဘက်မျိုးနဲ့ ယှဉ်ပြိုင်ရတာက အလွန်ခက်ခဲပါတယ်လို့ အန်ဒါဆင်က ဆိုခဲ့ပါတယ်။

ရည်ညွှန်း reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly