အတက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ

အတက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ

ရေးသားသူ Dr. Khin Yin Kyay
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win

ဝက်ရူးပြန်ရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ နာတာရှည် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လေဖြတ်ခြင်းနှင့် သူငယ်ပြန်ရောဂါတို့ပြီးရင် အဖြစ်များဆုံး နံပါတ် ၄ နေရာမှာ ရှိပါတယ်။ အောက်ဖော်ပြပါတို့ဟာ အတက်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများကို ပိုမိုသိရှိစေရန် ရေးထားတဲ့ သတင်းအချို့ ဖြစ်ပါတယ်။

၎င်းရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ သာမန်ဖျားနာခြင်းမှအစ ဦးနှောက် ထိခိုက်ခြင်းတို့အပါအဝင် ဦးနှောက် ဖွံ့ဖြိုးမှုပုံမှန်မဟုတ်ခြင်းစတဲ့ အာရုံကြောစနစ်များရဲ့ လှုပ်ရှား တက်ကြွမှုကို ပုံမှန်မဖြစ်အောင် နှောင့်ယှက်နေတဲ့ ဘယ်အရာမဆို အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုများ

မျိုးရိုးဗီဇ ပုံမမှန်ဖြစ်ခြင်းဟာလည်း ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ အရေးကြီးဆုံး အချက်များထဲမှာ ပါဝင်ပါတယ်။ အချို့သော အခြေအနေတွေမှာဆိုရင် မိဘမျိုးရိုးမှာ ဝက်ရူးပြန်ရောဂါ မရှိလျှင်တောင်မှ လူနာရဲ့ မျိုးရိုးဗီဇကြောင့် ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တာမျိုးလည်း ရှိပါတယ်။ ဝက်ရူးပြန်ရောဂါရဲ့ အခြားအမျိုး အစားတွေဟာ မိသားစုတွေမှာ ဆက်ခံ ဆင်းသက်လျက်ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဝက်ရူးပြန်ရောဂါကို မျိုးရိုးဗီဇက လွှမ်းမိုးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်ရောဂါ ရှိနေတဲ့ လူအများမှာ ပုံမှန်မဟုတ်ပဲ တက်ကြွနေတဲ့ မျိုးရိုးဗီဇပုံစံကို တွေ့ရပြီး ၎င်းမျိုးရိုးဗီဇဟာ ဆေးမတိုးခြင်းကို ပိုဖြစ်စေနိုင်တယ်လို့ တွေ့ရပါတယ်။ ဒီလိုလူနာတွေမှာ ပုံမှန်မဟုတ်ပဲ အသစ်ဖြစ်လာတဲ့ သို့မဟုတ် သန္ဓေပြောင်းလာတဲ့ ဝက်ရူးပြန်ရောဂါနှင့် ဆက်စပ်နေသော မျိုးရိုးဗီဇကို တွေ့ရပါတယ်။ အာရုံကြောစနစ် ဖွံ့ဖြိုးကြီးထွား ရွေ့လျားမှုကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇများ ပုံမှန်ဟုတ်ခြင်း၊ မဟုတ်ခြင်းတွေဟာ ဦးနှောက်ဖွံ့ဖြိုးရာမှာ အရေးကြီးဆုံး အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ ပုံမှန်မဟုတ်ခြင်းဟာ အာရုံကြောမျှင်များမူမမှန်ဖြစ်ခြင်း သို့မဟုတ် နေရာလွဲမှားခြင်း သို့မဟုတ် ကြီးထွားမှု မမှန်ကန်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးဖြစ်နေတဲ့ လူတစ်ချို့အတွက်ဆိုရင်တော့ အတက်ရောဂါ ပျောက်ဆေးတွေဟာ ကောင်းကောင်းအလုပ် လုပ်မှာမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

ဝက်ရူးပြန်ရောဂါ ရှိတဲ့ လူနာတစ်ချို့မှာ အာရုံကြောစနစ်မှထုတ်လုပ်သော တက်ကြွပစ္စည်းများရဲ့ ပမာဏမြင့်မားနေတယ်လို့ ဆရာဝန်ကယုံကြည်ကြပါတယ်။ ဒါဟာ အာရုံကြောစနစ်ရဲ့ တက်ကြွမှုကို အလွန့်အကျွံဖြစ်စေပါတယ်။ တစ်ဖက်မှာလည်း အခြားလူနာတွေမှာ ပုံမှန်မဟုတ်ပဲ အာရုံကြောစနစ်ရဲ့ တက်ကြွမှုတွေကို တားဆီးတဲ့ ပစ္စည်းလေးတွေ ပမာဏနည်းနေတာကို တွေ့ရပါတယ်။ ဒီလိုအာရုံကြောစနစ်ရဲ့ တက်ကြွမှုကို တားဆီးပေးတဲ့ ပစ္စည်းတွေဟာလည်း ဦးနှောက်ရဲ့ လှုပ်ရှားတက်ကြွမှုကို လျော့ကျစေပါတယ်။ ဒီလိုလူနာ ၂ မျိုးစလုံးမှာ အာရုံကြောစနစ် လှုပ်ရှားတက်ကြွမှု အလွန်များခြင်းကို ဖြစ်ပေါ်စေတဲ့အတွက် ဝက်ရူးပြန်ရောဂါကို ဖြစ်နိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါမှာ တွေ့ရအများဆုံး အာရုံကြောစနစ်မှ ထုတ်လွှတ်တဲ့ပစ္စည်းတွေထဲက တစ်ခုကတော့ GABA ပဲ ဖြစ်ပါတယ်။ လူတွေကတော့ ၎င်းကို gamma-aminobutyric acid လို့ခေါ်ပြီး ၎င်းဟာ အာရုံကြောစနစ်ရဲ့ လှုပ်ရှားတက်ကြွမှုစနစ်ကို တားဆီးပေးတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

လူနာအများစုမှာတော့ ဝက်ရူးပြန်ရောဂါဟာ အခြားသောရောဂါ ပြသနာများကြောင့် ဦးနှောက်ထိခိုက်လာတဲ့အတွက် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ဟာဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၎င်းဟာ ဦးနှောက်ရဲ့ ဆဲလ်တွေကို အောက်စီဂျင် ပေးပို့မှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဦးနှောက်အကျိတ်ရောဂါ ရှိသူများ၊ အရက်စွဲသူများနှင့် သူငယ်ပြန်ရောဂါ ရှိသူတွေဟာ သူတို့ရဲ့ ဦးနှောက်မှာ အောက်စီဂျင် ကောင်းကောင်း မရတဲ့အတွက်ကြောင့် အချို့သော လူနာတွေမှာ ဝက်ရူးပြန်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်း၊ AIDS ရောဂါပိုးရှိခြင်း၊ virus ကူးစက်မှုကြောင့်ဦးနှောက် ရောင်ရမ်းခြင်း၊ ကပ်ပါးပိုးဝင်ခြင်း စတာတွေ ဦးနှောက်မှာ ဖြစ်တဲ့အခါ ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေအကုန်လုံးကို သေချာစွာကုသပြီးတဲ့အခါမှာတော့ အတက်ရောဂါ ဟာချက်ခြင်းသက်သာသွားလေ့ရှိပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်ရောဂါဟာ ဖွံ့ဖြိုးကြီးထွားမှုပိုင်းဆိုင်ရာ ပြသနာရှိသူများနှင့် ဇီဝကမ္မဆိုင်ရာ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများမှာ ပြသနာရှိသူတွေနဲ့ ဆက်စပ်နေပါတယ်။ ၎င်းရောဂါများကတော့ မမွေးဖွားမီ၊ မွေးဖွားစဉ် နှင့် မွေးဖွားပြီးစ ဦးနှောက်ထိခိုက်ချို့ယွင်းမှု ကြောင့်ခန္ဓာကိုယ်အနေအထားနှင့်လှုပ်ရှားမှု ယို့ယွင်းခြင်းရောဂါ ၊ အာရုံကြောမှ ဖုံးထားသော အမျှင်တစ်ရှူး မှဖြစ်သည့် အဖုအကြိတ် မွေးရာပါရောဂါ၊ ကာဗွန်ဟိုက်ဒရိုပ် ဓာတ်ပြုပျက်ပြယ်၍ ရသောပစ္စည်းနှင့် ဆိုင်သောရောဂါ၊ ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ကင်ဆာမဟုတ်သော အကြိတ်များ ထွက်လာသည့် မျိုးရိုးဗီဇဆိုင်ရာရောဂါ၊ ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ ရှိခြင်းနှင့် Landau-Kleffner syndromeရောဂါ ရှိခြင်း စတဲ့ရောဂါတွေလည်း ပါဝင်ပါတယ်။

အခြားသော ဥပမာ အချို့ကတော့
-အရက်ဖြတ် လူနာများ၊
-အကောင်ကိုက်ခံရခြင်း၊
-ဆူးစူးမိခြင်း သို့မဟုတ် အဆိပ်မိခြင်း၊
-ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ကပ်ပါးပိုး ဝင်ခြင်းကဲ့သို့ ဦးနှောက်တွင် ပိုးဝင်ခြင်းများ ၊
-ကလေးမမွေးခင် သို့မဟုတ် ကလေးမွေးပြီး ဝန်းကျင်အချိန်များတွင် ဦးနှောက်ထိခိုက်ဒဏ်ရာ ရခြင်း၊ ဥပမာ ကလေးမွေးစဉ် ကလေး၌အောက်စီဂျင် ပြတ်လတ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရခြင်း၊ ပေါင်မပြည့်ခြင်း၊
-ဦးနှောက်ကောင်းစွာ မဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်နေတဲ့ မွေးရာပါ ပုံမှန်မဟုတ်ခြင်းများ သို့မဟုတ် မျိုးရိုးဗီဇ ဆိုင်ရာ အခြေအနေများ၊
-အစာသီးခြင်း၊
-အရက်အလွန်အကျွံ သောက်သုံးခြင်း၊
-ဆေးစွဲခြင်း၊
-ဆေးဖြတ်နေခြင်း ၊
-ခန္ဓာကိုယ်၏ electrolyte ဓာတ်ဆား ပမာဏ မမျှတခြင်း၊
-ဓာတ်လိုက်ခြင်း၊
-ဝက်ရူးပြန်ရောဂါ ရှိခြင်း၊
-အလွန်သွေးပေါင်တက်ခြင်း၊
-ဖျားခြင်း၊
-ပြင်းထန်သောဦးခေါင်း ထိခိုက်ဒဏ်ရာ ရထားခြင်း၊
-ကျောက်ကပ် သို့မဟုတ် အသည်း ပျက်စီးခြင်း၊
-သွေးတွင်း ကလူးကို့ဓာတ် နည်းနေခြင်း၊
-လေဖြတ်ခြင်း၊ လေဖြတ်တဲ့အခါ ဦးနှောက်ကို သွားတဲ့အောက်ဆီဂျင် ပမာဏကို ကန့်သတ်လျှော့ချ လိုက်တဲ့အတွက် အာရုံကြောစနစ်တွေရဲ့ ချိတ်ဆက်မှုဟာ ပုံမှန်မဟုတ်တော့ပဲ အမှုမဲ့ အမှတ်မဲ့ဖြစ်သွားပါတယ်။

အဆိပ်မိခြင်း

ဒါ့အပြင် အတက်ရောဂါဟာ ခဲဓာတ် ကာဗွန်မိုနိုက်ဆိုက်ဓာတ်ငွေ့ စတာတွေနဲ့ အထိအတွေ့များသူများ၊ တရားမဝင်အိပ်ဆေး သို့မဟုတ် မူးယစ်ဆေးဝါးလိုမျိုး ဆေးသုံးစွဲသူများ၊ စိတ်ကျရောဂါအတွက် သောက်သောဆေးများကို အလွန်အကျွံ သုံးစွဲသူများမှာလည်း အတက်ရောဂါ ဖြစ်နိုင်ပါတယ်။ နှစ်ခြိုက်စွာ မအိပ်ခြင်း သို့မဟုတ် ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း စတာတွေဟာလည်း အတက်ရောဂါကို ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းဟာလည်း အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ စီးကရက်ထဲမှာပါတဲ့ နီကိုဒင်းဓာတ်ဟာ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တက်ကြွလှုပ်ရှားမှုကို ဖြစ်စေတဲ့ပစ္စည်း acetylcholine ပေါင်းတဲ့နေရာတွေမှာ သွားပြီးပေါင်းတဲ့အတွက်ကြောင့် အာရုံကြောလှုပ်ရှားတက်ကြွမှုကို အလွန်မြင့်တက် စေပါတယ်။

ဤဆောင်းပါးအား https://hellosayarwon.com/ မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly