ဆီးရီးယား၌ အမေရိကန်ဦးဆောင် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၃ဦးခန့်သေဆုံး

ဆီးရီးယား၌ အမေရိကန်ဦးဆောင် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၃ဦးခန့်သေဆုံး

ကိုင်ရို၊ စက်တင်ဘာ ၁၀ ။             ။ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ ဒီအာအယ်လ်ဇိုအာခရိုင်၌ အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် အနည်းဆုံးလူပေါင်း ၂၃ဦးခန့်သေဆုံးခဲ့ကြောင်း စစ်ပွဲအခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က တနင်္ဂနွေနေ့တွင် သတင်းတင်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသည် ထိုခရိုင်အတွင်းရှိ အယ်လ်ဘူခါမယ်လ်မြို့မှ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ ထိန်းချုပ်ထားသော အကျဉ်းထောင်တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ယူဆရကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) က ပြောခဲ့သည်။

SOHR ၏အဆိုအရ လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၈ဦးနှင့် IS အဖွဲ့ဝင် ၅ဦးသေဆုံးခဲ့ပြီး လူအများအပြားပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့်   သေဆုံးသူစာရင်း   မြင့်တက်လာနိုင်ကြောင်း သိရသည်။

သေဆုံးခဲ့သော အကျဉ်းသားများထဲမှ ၁၀ဦးခန့်မှာ အီရတ်နိုင်ငံသားများဖြစ်ကြကြောင်း ဗြိတိန်အခြေစိုက် အဆို ပါ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့သည်။

ပြီးခဲ့သော ဇွန်လ ၂၇ရက်နေ့ကလည်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က IS တို့ ထိန်းချုပ်ထားသော အယ်မာယာဒင်မြို့ရှိ အကျဉ်းထောင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အရပ်သား ၄၂ဦး အပါ အဝင် အနည်းဆုံးလူပေါင်း ၅၇ဦးခန့် သေဆုံးခဲ့ရသည်။

ဒီအာအယ်လ်ဇိုအာခရိုင်၏ နယ်မြေအများစုကို အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က လွန်ခဲ့သော ၂၀၁၄ ခုနှစ် ကတည်းက ထိန်းချုပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly