ဟာရီကိန်းအာမာကြောင့် ဖလော်ရီဒါတောင်ပိုင်း၌ လေဆင်နှာမောင်းများတိုက်ခတ်

ဟာရီကိန်းအာမာကြောင့် ဖလော်ရီဒါတောင်ပိုင်း၌ လေဆင်နှာမောင်းများတိုက်ခတ်
အာမာမုန်တိုင်းစက်ဝန်းရဲ့ အစွန်းပိုင်းအပြင်ဘက်မှာ လေဆင်နှာမောင်းများ ဖြစ်ပွားလာနိုင်ကြောင်း NHC က စနေနေ့အစောပိုင်းကတည်းက သတိပေးခဲ့ပြီးပြီဖြစ်သည်။

မိုင်ယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၁၀ ။          ။ အင်အားပြင်းဟာရီကိန်းမုန်တိုင်းအာမာကြောင့် စနေနေ့အနှောင်းပိုင်းတွင် ဖလော်ရီဒါပြည်နယ်တောင်ပိုင်း၌   လေဆင်နှာမောင်းအများအပြား ဖြစ်ပေါ်လာခဲ့ပြီး တနင်္ဂနွေနေ့မနက်ပိုင်းတွင် မုန်တိုင်းဗဟိုချက်မသည် ဖလော်ရီဒါတောင်ပိုင်းရှိ အဓိကကျသောနေရာဒေသများကို ရိုက်ခတ်လာနိုင်ကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းလေ့လာရေးစင်တာ (NHC) က သတင်းထုတ်ပြန်ခဲ့သည်။

ဒေသတွင်းမီဒီယာများ၏ အဆိုအရ ဖလော်ရီဒါတောင်ပိုင်း၌ လေဆင်နှာမောင်းအများအပြား ဖြစ်ပွားခဲ့ပြီး ထိုထဲမှ တစ်ခုသည် မိုင်ယာမီမြောက်ပိုင်းမှ ၅၅ ကီလိုမီတာခန့် ကွာဝေးသောအရပ်ရှိ အုတ်ခ်လန်ပန်းခြံကို တိုက်ခတ်ခဲ့ ကြောင်း သိရသည်။

အာမာမုန်တိုင်းစက်ဝန်းရဲ့ အစွန်းပိုင်းအပြင်ဘက်မှာ လေဆင်နှာမောင်းများ ဖြစ်ပွားလာနိုင်ကြောင်း NHC က စနေနေ့အစောပိုင်းကတည်းက သတိပေးခဲ့ပြီးပြီဖြစ်သည်။

လက်ရှိအချိန်တွင် မုန်တိုင်းပြင်းအား အဆင့်သတ်မှတ်ချက် ၃ သို့ကျဆင်းသွားခဲ့သော ဟာရီကိန်းအာမာသည် ကျူးဘားနိုင်ငံ ဗာရာဒီရိုမြို့မှ ၄၅ ကီလိုမီတာခန့် ကွာဝေးသောအရပ်တွင် တည်ရှိနေပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀ခန့်ဖြင့် တိုက်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

ကာရေဘီယန်ဒေသတစ်လျှောက်သို့ တိုက်ခတ်ခဲ့သော ဟာရီကိန်းအာမာကြောင့် သေဆုံးသူ အနည်းဆုံး ၂၅ဦး ခန့်ရှိခဲ့သည်။

မုန်တိုင်းအာမာသည် တနင်္ဂနွေနေ့လယ်ပိုင်းတွင် ဖလော်ရီဒါအနောက်တောင်ဘက်ရှိ ကမ်းရိုးတန်းဒေသသို့ ဖြတ်သန်းတိုက်ခိုက်သွားနိုင်ပြီး ခန့်မှန်းချက်များ အတိအကျမှန်ကန်ပါက ပြည်နယ်အတွင်းရှိ လူဦးရေအထူထပ် ဆုံးဖြစ်သော မိုင်ယာမီဒိတ်၊ ဘရိုဝါ့ဒ်ကောင်တီတို့နှင့် ပယ်လ်ကမ်းခြေတို့တွင် အထိအခိုက်အပျက်စီးများပြား နိုင်ကြောင်း သိရသည်။

NHC မှ ကျွမ်းကျင်သူများက ဟာရီကိန်းအာမာသည် ကျူးဘားပိုင်နက်အတွင်းမှ ထွက်ခွာလာသောအချိန်တွင် အားပြန်ကောင်းလာနိုင်ပြီး ဖလော်ရီဒါသို့ ရောက်ရှိချိန်တွင် အင်အားပြင်းဟာရီကိန်းအဖြစ်သို့ ပြောင်းလဲသွားနိုင် ကြောင်း ခန့်မှန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly