မသိမ်းဆည်းဘဲ ချန်ထားခဲ့သော ရော်ဘာခွက်များမှ ခြင်ပေါက်ဖွားမှု များလာ၍ ဒေသခံများစိုးရိမ်

မသိမ်းဆည်းဘဲ ချန်ထားခဲ့သော ရော်ဘာခွက်များမှ ခြင်ပေါက်ဖွားမှု များလာ၍ ဒေသခံများစိုးရိမ်

သထုံ၊ စက်တင်ဘာ၊ ၁၀ ။           ။ မိုးကျသည့် ရော်ဘာပိတ်သိမ်းရာသီတွင် ရော်ဘာစေးခံခွက်များကို ပြန်လည်သိမ်းဆည်းခြင်းမရှိဘဲ ရော်ဘာပင်ရင်း၌ပင် ပေါ့ပေါ့ဆဆ ပစ်ထားခဲ့ကြသည့်အတွက် ယခုနှစ်တွင် ခြင်များ ပိုမိုပေါက်ဖွား များပြားနေကြောင်း ပေါင်မြို့နယ် ရွာကလေးကျေးရွာရှိ သေဒခံများထံက သိရသည်။

"အရင်နှစ်တွေနဲ့ မတူဘူး။ ဒီနှစ်မှာမှ ခြင်တွေက ဆိုးဆိုးရွားရွားကို များလာတာ။ ကျွန်တော်မြင်တာကတော့ ဒီ ရော်ဘာခွက်တွေကြောင့်ပဲ။ ဘယ်ခွက်ကြည့်ကြည့် ခွက်တိုင်းမှာ ပိုးလောက်လန်းတွေက ရှိနေတာ"ဟု ရွာကလေးကျေးရွာမှ ဒေသခံ ကိုအောင်သန်းတင်က ပြောသည်။

ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ရော်ဘာခြံများမှ ခြင်ပေါက်ဖွားမှုရှိကြောင်း အဆိုပါခြင်မှာ ငှက်ဖျားကို အဓိက ဖြစ်စေကြောင်း ခရိုင်ကျန်းမာရေးဦးစီး ဌာနမှူး၊ သထုံခရိုင်ဆေးရုံအု  ပ် ဒေါ်သင်းသင်းအိက ပြောသည်။

"ကျွန်မတို့ သထုံမှာတော့ ငှက်ဖျားက မရှိတော့သလောက်ပါပဲ။ တစ်နှစ်လုံးမှ ၂ ယောက်၊ ၃ ယောက် လောက်ပဲတွေ့ရတာ။ ပြီးခဲ့တဲ့ ရာသီကဆို တရုတ်နိုင်ငံသား နှစ်ဦးလောက်ပဲ အသည်းအသန်ဖြစ်တာ   တွေ့ရတယ်။ ငှက်ဖျားတိုက်ဖျက်ရေးကြောင့် ကျွန်မတို့ ဒေသခံတွေ အနေနဲ့ကတော့ ငှက်ဖျားအတွက် စိုးရိမ်စရာ သိပ်မရှိပါဘူး။ ငှက်ဖျားမဖြစ်ဘူးသေးတဲ့ သူတွေ၊ တခြားဒေသက သူတွေအတွက်ကတော့ အန္တရာယ်ရှိတယ်။ ရော်ဘာခြံက ပေါက်ဖွားတဲ့ ခြင်တွေဟာ ငှက်ဖျားဖြစ်စေတဲ့ ခြင်ကများပါတယ်။ ခြင်မှာက ငှက်ဖျားခြင်၊ တုပ်ကွေးခြင်၊ ဆင်ခြေထောက်ခြင်နဲ့ ဘာရောဂါမှ မဖြစ်စေတဲ့ခြင်တော့ ရှိတယ်ပေါ့။ သိမ်းရမယ်။ အမိန့်နဲ့ကို ဒီရော်ဘာခွက်တွေကို သိမ်းစေသင့်တယ်"ဟု သထုံခရိုင်ဆေးရုံအုပ် ဒေါ်သင်းသင်းအိက ပြောသည်။

ယခင်နှစ်များတွင် ရော်ဘာရာသီကုန်ဆုံးပါက စေးခံခွက်များကို ပြန်လည်ချွတ်တိုက် သိမ်းဆည်းကြ သော်လည်း ယခုနောက်ပိုင်းတွင် ထိုသို့ မသိမ်းဆည်းကြတော့ဘဲ ရှိရင်းတိုင်းသာ ချန်ထားခဲ့ကြသည် ဟု ဒေသခံများက ဆိုသည်။

"ခြံတိုင်းလိုလိုပဲ။ ခွက်တွေ မသိမ်းကြတော့ဘူး။ နောင်နှစ်လည်း ပြန်ချရမယ့်အတူတူ မိုးထဲ ပစ်ထားလိုက်တာကမှ ရော်ဘာပြန်ဖွင့်တဲ့အခါ ခွက်တွေ တိုက်ဆေးရတာလည်း သက်သာတယ်ဆိုပြီး ဒီအတိုင်း ပစ်ထားလိုက်ကြတာ"ဟု ရွာကလေးမှ ဒေသခံဦးသိန်းနိုင်က ပြောသည်။

ထို့ကြောင့် ခြင်ပေါက်ပွားရာနေရာဖြစ်စေသည့် ရော်ဘာစေးခံခွက်မျာကို စနစ်တကျ ပြန်လည်သိမ်းဆည်း လာကြစေရန် ပညာပေးခြင်များ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly