ယူအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်အနိမ့်ဆုံးချန်ပီယံအဖြစ် ဆလိုနာစတီဖင် မှတ်တမ်းရေးထိုး

ယူအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်အနိမ့်ဆုံးချန်ပီယံအဖြစ် ဆလိုနာစတီဖင် မှတ်တမ်းရေးထိုး

စက်တင်ဘာ ၁၀၊ အမေရိကန် ။          ။ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဆလိုနာစတီဖင်သည် ပြိုင်ဘက်မက်ဒီဆန်ကေးစ်ကို ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အတိုင်ရကာ ချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆလိုနာစတီဖင်သည် လက်ရှိတွင် ကမ္ဘာ့အဆင့် ၈၃ သာရှိသည့်အတွက် ယူအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်အနိမ့်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ဆလိုနာစတီဖင်နှင့် ကေးစ်တို့သည် တစ်နိုင်ငံတည်းသားများဖြစ်ပြီး ရင်းနှီးသည့် သူငယ်ချင်းများလည်း ဖြစ်ကြသည်။ နှစ်ဦးစလုံးမှာ ဂရင်းစလင်းချန်ပီယံဆု မရဖူးသူများဖြစ်သည့်အတွက် မည်သူပင်အနိုင်ရသည်ဖြစ်စေ ချန်ပီယံသစ် ဖြစ်လာရမည် ဖြစ်သည်။ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်ပိုနိမ့်သည့် ဆလိုနာစတီဖင်က အကောင်းဆုံးလက်စွမ်းကို ရရှိခဲ့ပြီး ကေးစ်ကို အနိုင်ယူနိုင်ခဲ့သည်။

ရှုံးနိမ့်သွားရသည့် ကေးစ်က “ဆလိုနာက ကျွန်မသဘောအကျဆုံးလူတွေထဲက တစ်ယောက်ပါ။ ဒီနေ့ပွဲမှာ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ သူမအတွက် ဂုဏ်ယူပါတယ်” ဟု ဆိုခဲ့သည်။

အနိုင်ရခဲ့သည့် ဆလိုနာကမူ “မယုံကြည်နိုင်စရာပါပဲ။ ဇန်နဝါရီ ၂၃ ရက်တုန်းက ကျွန်မခွဲစိတ်မှု ပြုလုပ်ထားတာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်မ ယူအက်စ်အိုးပင်းချန်ပီယံဖြစ်မယ်လို့ ပြောလာခဲ့ရင် မဖြစ်နိုင်ဘူးလို့ ပြန်ပြောမိမှာပါ။

မက်ဒီက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းပါ။ အခုအချိန်က ကျွန်မတို့နှစ်ယောက်စလုံးအတွက် တကယ်ကို ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ ဒီပွဲက သရေကျသင့်တယ်လို့ သူမကို ပြောခဲ့ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် သူမကို ထောက်ခံအားပေးသွားမှာပါ။ အခုကျွန်မအနားယူသင့်ပါပြီ။ နောက်ကို ဒီလိုအောင်မြင်မှုမျိုးထပ်ရဖို့ဆိုတာမဖြစ်နိုင်တော့လို့ပါ။ ကျွန်မတကယ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပါတယ်” ဟု ပြောဆိုခဲ့သည်။

ချန်ပီယံဖြစ်ခဲ့သည့်အတွက် ဆလိုနာသည် ဆုကြေးငွေ ပေါင် ၂.၈၄ သန်းရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly