အစိုးရက မောင်တောတွင် အမိန့်စာထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ပစ်ခတ်ထိန်းသိမ်းမည်

အစိုးရက မောင်တောတွင် အမိန့်စာထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ပစ်ခတ်ထိန်းသိမ်းမည်

စက်တင်ဘာ ၉ ။        ။ မောင်တောဒေသအတွင်း တည်ငြိမ်ရေးအတွက် တားမြစ်ချက်များပါဝင်သည့် အမိန့်စာတစ်စောင်ကို စက်တင်ဘာလ ၉ ရက်တွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက ပစ်ခတ်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဟု ပါရှိသည်။

မောင်တောခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉) ရက် ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမိန့်စာတွင် အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီ အားပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ မပြုလုပ်ရန်၊ နေအိမ်များ၊ ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ကြရန် ၊ မီးလောင်ပြင်ဧရိယာများ အတွင်းရှိ ပစ္စည်းများအား လုယက်ခြင်း၊ ဖောက်ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီး ခြင်းများမပြုလုပ်ရန်၊ ဒုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အစသည့်လူကို အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား လက်ဝယ်တွင် ကိုင်ဆောင်ခြင်း၊ ထားသိုခြင်း၊ အသုံးပြုခြင်းမပြု လုပ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးအခြေအနေအရ မသွားရန် သတ်မှတ်ထားသော နေရာများသို့ ဝင်၊ ထွက်သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသည်။

ယင်းအမိန့်တွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အဟန့်အတားဖြစ်စေသော ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူခြင်း၊ ပစ်ခတ်ထိန်းသိမ်းခြင်းများ   ပြုလုပ်မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လေးစားလိုက်နာခြင်းအားဖြင့် မောင်တောဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်း ပါဝင်ကူညီကြရန်လည်း တိုက်တွန်း ထားသည်ဟု ဖော်ပြပါရှိသည်။

အဆိုပါအမိန့်နှင့်စပ်လျဉ်းပြီး မောင်တောခရိုင်အတွင်း နေထိုင်သူများ သိရှိစေရန် အသိပေးခြင်းများကို တာဝန်ရှိသူများက မောင်တောဒေသ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်များအား ကျူးလွန်သူများရှိပါက သတင်းကြားသည် ဖြစ်စေ၊ လူကိုယ်တိုင် တွေ့ရှိသည်ဖြစ်စေ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များထံ တာဝန်သိ ပြည်သူများ အနေဖြင့် ဆက်သွယ်သတင်းပေးပို့ ကြပါရန် အသိပေး တိုက်တွန်း အပ်ပါသည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly