ကြက်ဟင်းခါးသီးအစာသွပ်

ကြက်ဟင်းခါးသီးအစာသွပ်

မင်္ဂလာပါ ..

 ဒီတပတ်တော့ ကြက်ဟင်းခါးသီးအစာသွပ် ဟင်းလေး ချက်စားကြရအောင်။အခု အစာသွတ်ဖို့တော့ ဝက်သား မျှစ်နုနဲ့ ပုဇွန်ကို သုံးထားပါတယ်။ ဒါပေမယ့်ငါးဖယ်  ကြက်သား အမဲသား နှစ်သက်ရာ အသားကို လည်း အသုံးပြုနိုင်ပါတယ်။ ကြက်ဟင်းခါးသီး အရသာက ခါးဆိမ့်လေးမို့ အသားနဲ့ အစာသွတ်တဲ့ အခါ အိမ်သားတွေ အကြိုက် ဟင်းတခွက် ဖန်တီးနိုင်မှာပါ။ဟင်းချက်ဖို့ လို အပ်တာတွေကတော့

ကြက်ဟင်းခါးသီး  ၂တောင့်( အနေတော်လှီးဖြတ်ပြီး အထဲက အူတိုင်တွေ အစေ့တွေ ဖယ်ထုတ်ထားပါ)

ဝက်သား  ၂၀သား( နုတ်နုတ်စင်း ဒါမှမဟုတ် ကြိတ်စက်နဲ့ ကြိတ်ပြီး ဆား ဆနွင်း အရသာနယ် နှပ်ထားပါ)

ပုဇွန်ကျော့ ၁၀သား

မျှစ် အနည်းငယ်

ကြက်သွန်နီ အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ငရုတ်သီး အပုမှုန့် အနည်းငယ်

ဆီ ၅ကျပ်သားခန့်လို အပ်ပါတယ်။

ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန်ကို ညက်နေအောင်ထောင်းထား ပါ။ပုဇွန်ကို အခွံခွာထားပါ။မျှစ်ကို နုတ်နုတ်လေး ဖြစ်အောင်လှီးထားပါ ။

 အသားကြိတ်ထားတာကို အကုန်ရောနယ်ပြီး အသီးထဲ အစာသွတ်ပါ။အရမ်းအပြည့် ကြီး မထည့်ရပါဘူး ချက်တဲ့အခါ ကွဲထွက်သွားတက်ပါတယ်။

အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန်ကို ညက်နေအောင်ထောင်းထားတာကို ဆီသတ်ပါ။ ဆီသတ်ထားတာ မွှေးလာရင်တော့ အစာသွတ်ထားတဲ့ အသီးကို ထည့်ပါ။ဆီနဲ့ပဲ အသီးအိ ပြီး အရသာဝင်သွားအောင် အဖုံးအုပ်ပြီး အရင် ချက်ပါ။ အရသာ အတွက် ဆားအနည်းငယ်ထည့်ပေးပါ။

၅မိနစ်လောက် ချက်ပြီး အသီးက ဆီလေးအိပြီး နွမ်းသွားပြီဆိုမှ ရေမြုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ချက်ပါ။ အိုးမကပ်အောင် ဂရုစိုက်ပါ။

ရေခမ်းပြီး ဆီပြန်လာပြီ ဆိုရင်တော့ ကြက်ဟင်းခါးသီး အစာသွတ်ဟင်း လေးရပါပြီ။ခါးဆိမ့်ဆိမ့်လေးနဲ့ ဟင်းတစ်ခွက်မို့ အိမ်သားတွေအကြိုက်တွေ့စေမှာပါ။ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly