အလုပ်ချိန်များပြီး လစာနည်းမှုကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရံတော် အလုပ်ထွက်တော့မည်

By AFP
09 September 2017
အလုပ်ချိန်များပြီး လစာနည်းမှုကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရံတော် အလုပ်ထွက်တော့မည်

 

စက်တင်ဘာ ၉ ။               ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အနားမှာ ကာလကြာ အတူရှိနေခဲ့တဲ့ ကိုယ်ရံတော် Keith Schiller က ၎င်းအနေနဲ့ အိမ်ဖြူတော် အလုပ်ကနေ မကြာခင် ထွက်တော့မယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ထရမ့်ရဲ့ ယုံကြည်အားကိုးရဆုံး လက်ထောက်တစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ အတူရှိနေပေးခဲ့မှုကို အဆုံးသတ်တော့မယ်လို့ ၎င်းက ထုတ်ပြန်လိုက်ပါတယ်။

ဘဲဥပုံရုံး ရဲ့ အော်ပရေးရှင်းဆိုင်ရာ ဒါရိုက်တာလည်း ဖြစ်တဲ့ Schiller ဟာ လာမယ့်သီတင်းပတ်တွေမှာ ဖလော်ရီဒါကို ပြန်သွားဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားလာပါတယ်။

" ကုန်ခဲ့တဲ့ ဆယ်နှစ် ဆယ်ငါးနှစ်ကာလတွေကိုကြည့်ရင် အရမ်းကို ကြီးကျယ်တဲ့ အခိုက်အတန့်တွေချည်းပါပဲ၊ သမိုင်းတွင်လောက်အောင်ပါ၊ ဒါကို အခု အဆုံးသတ်လိုက်ပါတော့မယ်" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

Schiller ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က သမ္မတ ထရမ့်နဲ့အတူ Camp David ဆီ အတူလိုက်မသွားခဲ့ဘူးလို့လည်း သိရပါတယ်။

ယခုလို ထရမ့်ရဲ့ ကာလကြာ ကိုယ်ရံတော်အဖြစ်မှ Schiller နှုတ်ထွက်မှုရဲ့ အဓိကအကြောင်းရင်းဟာ ငွေကြေးပြဿနာကြောင့် ဖြစ်တယ်လို့လည်း New York Times နဲ့ CNN သတင်းဌာနတွေက ဖော်ပြကြပါတယ်။

Schiller ဟာ သူ့အနေနဲ့ အလုပ်ချိန် အများအပြားလုပ်ရပြီး လစာငွေ နည်းပါးနေခြင်းကြောင့် ယခုလို နှုတ်ထွက်ဖို့ စီစဉ်ရခြင်းဖြစ်တယ်ဆိုပြီး အတွင်းလူနှစ်ဦးက Bloomberg သတင်းဌာနကို   ပြောသွားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ၎င်းရရှိနေခဲ့တဲ့ တစ်နှစ်လစာ ဒေါ်လာ ၁၆၅,၀၀၀ ဟာဆိုရင် အိမ်ဖြူတော် အမှုထမ်းတွေထဲမှာ များပြားတဲ့ ပမာဏတစ်ခုလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly