MTSH ၏ အစုရှယ်ယာများကို ပိုမို၀ယ်ယူရန် FMI ဥက္ကဌ ဦးသိမ်းဝေတိုက်တွန်း

MTSH ၏ အစုရှယ်ယာများကို ပိုမို၀ယ်ယူရန် FMI ဥက္ကဌ ဦးသိမ်းဝေတိုက်တွန်း
ဓာတ်ပုံ-MTSH

 မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်လီမိတက်-MTSH ၏ အစုရှယ်ယာများကို အများအပြားဝယ်ယူရန် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI ၏ ဥက္ကဌဖြစ်သူ မစ္စတာ ဆာ့(ဂျ) ပန် ခေါ် ဦးသိမ်းဝေက အစုရှယ်ယာ ရှင်များကို တိုက်တွန်းလိုက်သည်။

ဦးသိမ်းဝေသည် MSTH ကို စတင်တည်ထောင်သည့် အများပိုင်ကုမ္ပဏီ (၉)ခု တွင် တစ်ခုအပါအဝင်ဖြစ်သော FMI ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိအချိန်တွင် MTSH ၏ ဒုတိယဥက္ကဌ တာဝန်ယူထားသူလည်းဖြစ်သည်။

“MTSH ရှယ်ယာတွေကို များများဝယ်ပါ၊ FMI ရှယ်ယာကို ဝယ်တာမဝယ်တာက အရေးမကြီးပါဘူး” ဟု မစ္စတာ ဆာ့(ဂျ) ပန် ခေါ် ဦးသိမ်းဝေက ပြောဆိုသည်။

ယင်းကို စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ၌  ပြုလုပ်သော MTSH ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် FMI ကုမ္ပဏီလီမိတက်သည် MTSH ၏ ရှယ်ယာစုစုပေါင်းမှ ၂.၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းသိရ သည်။

ယခုနှစ်အတွင်း MTSH အနေဖြင့် အမြတ်ငွေကျပ် ၂၂.၃ ဘီလီယံ ရရှိခဲ့ရာ ယခင်နှစ်ထက် ၈ ရာခိုင်နှုန်း ပိုမိုရှိခဲ့သော်လည်း အမြတ်ဝေစုအား ၂၆၀ ကျပ်သာ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်ပြီး  “အကျိုးအမြတ်ပေါ်မှာ တိုက်ရိုက် Divided တွေခွဲလိုက်မယ်ဆိုရင် နောက်လုပ်မယ့်လုပ်ငန်းတွေ အပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဒီထက် ကုမ္ပဏီ ကြီးမားလာဖို့အတွက် အရင်းအနှီးလိုအပ်လာမှာဖြစ်ပါတယ်။ အဲလို လိုအပ်လို့ ရှယ်ယာတွေ ထပ်ခေါ်မယ်ဆိုရင်  လက်ရှိရှယ်ယာရှင်တွေရဲ့ ရှယ်ယာတန်ဖိုးတွေ ကျသွားမယ့်အနေအထားမျိုးပါ။ အကယ်လို့ အခုရှိတဲ့ ငွေတွေ မြတ်တဲ့ငွေအပေါ်ကနေ အမြတ်ဝေစုလည်းခွဲပေးမယ်။ ကျန်တဲ့ငွေကို လုပ်ငန်းတွေ တိုးချဲ့လုပ်ဖို့အတွက် သုံးသွားမယ်ဆိုရင် ရှယ်ယာတွေရဲ့ ငွေတွေဟာ လုပ်ငန်းသစ်တွေဖြစ်ပြီး နောင်ကို အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်“ဟု MTSH ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

MTSH အနေဖြင့် လာမည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ(ဥပမာ-ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ Logistic Park and Logistic infrastructure များနှင့် အခြားအခြေခံ အဆောက်အအုံများ)တွင် တိုးချဲ့ရင်းနှီးမြှုပ်နှံရန်  လေ့လာ ဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ရောက်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော် ဖန်တီးပေးထားကြောင်း MTSH က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags